“ဗုဒ္ဓမြတ်စွာဘုရားက
အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်”
ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက
အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။
တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး
“ အရှင်ဘုရား
တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့်
ဆုံးမသြ၀ါဒတရားလေး ဟောပေးပါ,
အရှင်ဘုရား ဟောထားတဲ့အတိုင်း
တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့
ဘုရားကို လျှောက်ပါတယ်။
ဒါနဲ့ မြတ်စွာဘုရားက
ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
အဲဒီကမ္မဌာန်းက ဘာတုန်းဆိုရင်
မျက်စိက နှစ်သက်စရာ
မြင်စရာ အာရုံကို မြင်တဲ့အခါ၊
နားက သာယာစရာ နှစ်သက်စရာ
အသံကိုကြားတဲ့အခါ၊
နှာခေါင်းက မွှေးကြိုင်ပြီးတော့
နှစ်သက်စရာအနံ့ကိုရှူရှိုက်ရတဲ့အခါ၊
လျှာကလည်း အင်မတန် အရသာရှိတဲ့
အစာအဟာရကို လျက်ရတဲ့အခါ၊
ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့
အရာ၀တ္ထုကို ထိတွေ့ရတဲ့အခါ၊
စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့
အရာမျိုးကို တွေးရတဲ့အခါမျိုးတွေမှာ
“မင်း” လောဘမဖြစ်အောင် ထိန်းပါ။
လောဘမဖြစ်ပါစေနဲ့။
ဒါက ကျင့်ရမယ့် ကျင့်၀တ်တစ်ခုပါ။
လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက
ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။
မုန်တိုင်းတိုက်ပြီဆိုရင်
သာမန်အခုအခံ မရှိဘူးဆိုရင်
လူတွေရဲ့စိတ်ဟာ ပြိုလဲသွားပါတယ်။
လောဘဖြစ်စရာအာရုံနဲ့တွေ့ရင်
လောဘဖြစ်တယ်၊
ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင်
ဒေါသဖြစ်တယ်၊
ဒါ ••• ပြိုလဲသွားတာ ဖြစ်ပါတယ်။
မျက်စိက မြင်တာ၊
နားက ကြားတာ၊
နှာခေါင်းက အနံ့ရတာ၊
လျှာက အရသာသိတာ၊
ခန္ဓာကိုယ်က အထိအတွေ့ထိတာ၊
စိတ်ကူးစိတ်သန်းထဲက သိတာ၊
ဒါကိုအကြောင်းပြုပြီး
နှစ်သက်စရာအာရုံ နဲ့ထိတွေ့ရင် လောဘဖြစ်တယ်၊
နှစ်သက်စရာ မဟုတ်ဘူးဆိုရင် ဒေါသဖြစ်တယ်၊
အဲဒါ.. စိတ်လှုပ်ရှားမှု၊
အာရုံမုန်တိုင်းတွေရဲ့ အတိုက်ကို ခံရတဲ့အတွက်ကြောင့်
လူရဲ့စိတ်ဟာ ယိမ်းထိုးနေပါမယ်။
မြတ်စွာဘုရားက အဲဒီလို မဖြစ်အောင် ထိန်းရပါမယ်တဲ့။
“နန်ဒီ ဒုက်ခဿမူလံ ”
နှစ်သက်စွဲလမ်းတဲ့ တဏှာရာဂသည်
ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
မျက်စိကနှစ်သက်စရာ အာရုံတွေ့လာရင်
လောဘကဖြစ်လာပါတယ်။
လောဘဖြစ်လာရင်၊
ဒီ. လောဘကို မထိန်းနိုင်ရင် ရှေ့ဆက်
ပြဿနာတွေ ဆောင်ကျဉ်းတော့ပါမယ်၊
“နန္ဒိသမုယာ ဒုက္ခသမုဒယော ”
အာရုံတွေပေါ်မှာ နှစ်သက်တဲ့တဏှာ ပေါ်လာပြီ
ဆိုလို့ရှိရင် ဒုက္ခကိုဖြစ်စေတော့မှာ သေချာပါတယ်။
ဒါကြောင့်မို့ “နန္ဒီ” ကို မဖြစ်စေနဲ့လို့ မြတ်ဗုဒ္ဓဆုံးမခဲ့ပါတယ်။
တစ်ခါ အာရုံခြောက်ပါး တွေ့လာတဲ့အခါ
ထို အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို
ထိန်းလိုက်နိုင်ပြီဆိုရင်
“နန္ဒီ” ဆိုတဲ့တဏှာဟာ ချုပ်ငြိမ်းသွားပါလိမ့်မယ်။
“နန္ဒီ ” ဆိုတဲ့တဏှာ ချုပ်သွားပြီဆိုရင်
“ နန္ဒိနိရောဓာ ဒုက္ခနိရောဓော ”
ဒုက္ခဆင်းရဲတွေ ပြဿနာတွေ ချုပ်မှာပါ။
သူရှိနေရင် ပြဿနာတွေ ရှိနေပါမယ်။
သူချုပ်သွားရင် ပြဿနာတွေ ချုပ်သွားပါမယ်။
ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းတို့ကလည်း
တရားသဘောကို နားလည်ကြပြီး
အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို
ထိန်းနိုင်ကြကာမြင့်မြတ်သော မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

image