6 ပတ် - ဘာသာပြန်ပါ။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်အပါး (၉၇)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋက ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘော ရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။


ထို့နောက် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကသုံးပုံလုံးကို အာဂုံနှင့်တကွ ရေးဖြေအောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌ ဉာဏာလင်္ကာရအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။



ဆက်လက်ပြီး ပိဋကနှစ်ပုံ ရေးဖြေအောင်မြင်တော်မူသဖြင့် ဒီဃနိကာယ ကောဝိဒဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာ ဓဇာလင်္ကာရနှင့် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်မှ အရှင်စန္ဒောဘာသာလင်္ကာရ၊ ပိဋကနှစ်ပုံ အာဂုံအောင်မြင်တော်မူသဖြင့် ဒီဃဘာဏက ဘွဲ့ရရှိတော်မူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်း၊ မိုးမိတ် ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်မှ အရှင်ဇနပ္ပိယာလင်္ကာရနှင့် အရှင်တိလောကတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။



ယင်းနောက် ဒီဃဘာဏကဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၂၉ ပါး၊ ဥဘတောဝိ ဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိ ဘင်္ဂဓရဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။



(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံအာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင် ဒီဃနိကာယ ကောဝိဒအရှင်မြတ် ၂ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက အရှင်မြတ် ၁၁ ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယ ကောဝိဒ အရှင်မြတ် ၁ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ အရှင်မြတ် ၂၉ ပါး၊ ဝိနယပိဋက ရှေ့ပိုင်းရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ အရှင်မြတ် ၇ ပါး နှင့် ဝိနယပိဋက ရှေ့ပိုင်းအာဂုံအောင် ဥဘတောဝိဘင်္ဂဓရ အရှင်မြတ် ၄၆ ပါး စုစုပေါင်း ၉၇ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။



တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဗုဒ္ဓသာသနာတော်၌ ဘုန်းကံပါရမီအထူး ဉာဏ်ပညာအထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေးနှင့်သာသနာတော်၌ ဓမ္မစေတီထိုက်သော ပိဋကနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ပူဇော်ရေးရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုကျင်းပပြီးစီးခဲ့သည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအထိ(၇၇)နှစ်တာ ကာလအတွင်း တိပိဋကဓရတိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ်(၁၇)ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကိုရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာ တော်ကြီး ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋက ကောဝိဒသာသနာ့ အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာဦးမည်ဖြစ်ကြောင်း သိရသည်။

image