#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးချိန်တွင် ကလပ်အသင်းများကို တာဝန်ယူရန် ဆန္ဒမရှိကြောင်း အန်ဆယ်လော့တီ ပြောကြား
ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက် အခြားကလပ်အသင်း တစ်သင်းအတွက် နည်းပြအဖြစ်တာဝန်ယူရန် မိမိအနေဖြင့် ဆန္ဒမရှိတော့ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက မေ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီတလီနိုင်ငံသား နည်းပြအန်ဆယ်လော့တီသည် လာလီဂါ၌ ရီးယဲလ်မက်ဒရစ်နှင့် လေးနှစ်ကြာ အောင်မြင်မှုရရှိခဲ့ပြီးနောက် အသင်းမှထွက်ခွာရန် ပြင်ဆင်လျက်ရှိသည်။
ရီးယဲလ်မက်ဒရစ်မှထွက်ခွာပြီးပါက အသက်(၆၅) နှစ်အရွယ် နည်းပြအန်ဆယ်လော့တီသည် ဘရာဇီးနိုင်ငံ၏ အမျိုးသားလက်ရွေးစင် အသင်းနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်မှထွက်ခွာချိန်တွင် မိမိအနေဖြင့် အခြားကလပ်အသင်းတစ်သင်းအတွက် နည်းပြအဖြစ် တာဝန်ယူပေးရန် ဆန္ဒမရှိတော့ကြောင်း၊ မိမိအတွက် လက်ရှိအရေးအကြီးဆုံးမှာ ဘရာဇီးအသင်းကို ထိထိမိမိကိုင်တွယ်နိုင်ရေးဖြစ်ကြောင်း အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားထားသည်။
ရီးယဲလ်မက်ဒရစ်အပြင် ဘိုင်ယန်မြူးနစ်၊ အေစီမီလန်နှင့် ချယ်လ်ဆီးတို့၏နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ အန်ဆယ်လော့တီသည် ကမ္ဘာ့ဘောလုံးလောက၌ အအောင်မြင်ဆုံးနည်းပြများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်၌ရှိနေစဉ် အန်ဆယ်လော့တီသည် ချန်ပီယံလိဂ် ဖလား သုံးလုံး၊ လာလီဂါဖလားနှစ်လုံး၊ စပိန်ဘုရင့်ဖလား နှစ်လုံးနှင့် စပိန်စူပါကပ်ဖလား နှစ်လုံး အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့သည်။
