ယန်ဇီမြစ်ကာကွယ်ဖို့ AI စက်ရုပ်ငါး စေလွှတ်
တရုတ်နိုင်ငံမှာ ဂေဟစနစ်ထိန်းသိမ်းရေးအတွက်ပါ စက်ရုပ်သုံးလာပါတယ်။
မကြာသေးခင်ကပဲ ဝူဟန်တက္ကသိုလ်က ဖန်တီးထားတဲ့ စက်ရုပ်ငါးကို ယန်ဇီမြစ်ထဲ လွှတ်ပြီး မြစ်ကာကွယ်ရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုံစံအရရော လှုပ်ရှားမှုပါ တကယ့်ငါးတစ်ကောင်နဲ့ မခြားတဲ့ စက်ရုပ်ငါးပါ။
မြစ်ထဲက အတားအဆီးတွေ ရှောင်ရှားနိုင်ဖို့ ခေါင်းပေါ်မှာ အာရုံခံ sensor လေးလည်း တပ်ထားပါတယ်။ အလျား ၅၃ စင်တီမီတာ ရှိပြီး တစ်စက္ကန့်ကို ၁.၂ မီတာ အမြန်နှုန်းနဲ့ ကူးနိုင်ပါတယ်။
ငါးတစ်ကောင်ရဲ့ ကူးခတ်မှုကို တုပထားတဲ့ ဒီစက်ရုပ်မှာက ခေါင်းနဲ့ အမြီးနေရာမှာ အဆစ်လေးတွေ ထည့်ပေးထားပါတယ်။ ငါးရဲ့ အကြေးခွံလို နေရာမှာ LED မီးလေးတွေ ပါပြီး ဒီမီးတွေက ရေထဲမှာ အလင်းနဲ့ အရိပ်ပုံဖော်နိုင်ပါတယ်။
ရေအောက်မှာ ရှိတဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ AI Learning စွမ်းရည်တွေလည်း ပါတဲ့ ဒီစက်ရုပ်က ရေအောက်စူးစမ်းလေ့လာမှုတွေ ၊ ရေအရည်အသွေး စောင့်ကြည့်တာတွေနဲ့ ဂေဟစနစ်ဆိုင်ရာအချက်အလက် ရှာဖွေတာတွေ လုပ်မှာပါ။
အခုထိ ဒီစက်ရုပ်ငါးက ဂေဟစနစ်ဒေတာပေါင်း 50TB အထိ ပေးပို့ထားပြီလို့လည်း ဆိုပါတယ်။
