သေချင်လောက်အောင် စိတ်ညစ်နေတယ်ဆိုရင် အသက်ရှင်နေရခြင်းရဲ့အကြောင်းအရင်းကို စဉ်းစားကြည့်လိုက်ပါ။ ပထမဦးဆုံးအနေနဲ့ အကြောင်းရင်းတစ်ခုကိုပဲ စဉ်းစားကြည့်လိုက် ကိုယ်ဟာ ဘယ်သူ့အတွက် အသက်ရှင်နေတာလဲ ၊ ဘာကြောင့် အသက်ရှင်နေတာလဲ ၊ သားသမီးတွေအတွက်လား ၊ မိသားစုအတွက်လား ၊ မိဘအတွက်လား ၊ ကိုယ့်အတွက်ကိုယ် ရှင်သန်နေတာလား..စသည်ဖြင့် အကြောင်းအရင်းတစ်ခုကို စတွေ့လိုက်ပြီဆိုတာနဲ့ နောက်ထပ် အသက်ရှင်နေရခြင်း အကြောင်းအရင်းတွေများစွာ ထပ်ပေါ်လာပါလိမ့်မယ် ။
ကျွန်မတို့ အသက်ရှင်သန်နေရခြင်းအကြောင်းဟာ တစ်ခုတည်းမဟုတ်ဘဲနဲ့ အံ့ဩစရာ ကောင်းလောက်အောင်ကို အများကြီးဖြစ်နေတာ တွေ့ရပါလိမ့်မယ် ။ ကိုယ် အသက်ရှင်ပေးနေဖို့ လိုအပ်နေတဲ့သူတွေလည်း ကိုယ့်ဘေးမှာ အများကြီးရှိတယ်ဆိုတာ သိလာရပါလိမ့်မယ် ။ ဒီလိုပေါ်လာပြီဆိုရင် ရှင်သန်နေရခြင်းရဲ့အဓိပ္ပာယ်ကို နည်းနည်းပဲဖြစ်ဖြစ် ရှာဖွေတွေ့ ရှိလာလိမ့်မယ်လို့ ထင်ပါတယ် ။ ကိုယ့်ရဲ့ရှင်သန်နေရခြင်းဟာ အချည်းနှီး မဟုတ်ပါလားဆိုတာကို သိမြင်လာလိမ့်မယ် ။
စိတ်တွေမွန်းကျပ်နေပြီဆိုရင် ကောင်းတဲ့ ၊ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းအရာလေးတစ်ခု အဖြစ်အပျက်လေး တစ်ခုကို တွေးကြည့်ပါ ။ ကိုယ့်ဘဝထဲမှာ ကောင်းတဲ့အရာတွေဟာ တစ်ခုတည်း တစ်ကြိမ်တည်း မဟုတ်ဘဲ အများကြီး ရှိခဲ့တယ် ။ အကြိမ်ကြိမ်အခါခါ ရှိခဲ့တယ် ။ နောက်ထပ်လည်း ထပ်ပြီး ရှိနေဦးမယ်ဆိုတာကို အားတက်စရာ တွေ့ရမှာပါ ။
နောက်ပြီး ရည်မှန်းချက်တွေ ပျောက်နေသလို ခံစားရတဲ့အခါ ကိုယ်ဘယ်လိုပုံစံနဲ့ ဘဝကို နေထိုင်ရပ်တည်သွားသလဲဆိုတဲ့ အကြောင်းအရင်းတစ်ခုကိုပဲ အရင်တွေးကြည့်လိုက်ပါ ။
စာအုပ်တွေ အများကြီး ရေးချင်တာလား ၊ ပိုက်ဆံ ချမ်းသာချင်တာလား ၊ တရားအားထုတ်ပြီး အေးငြိမ်းရာရှာချင်တာလား ၊ နိုင်ငံခြားမှာ သွားပြီး ကျောင်းတက်ချင်တာလား စသည်ဖြင့် အကြောင်းအရင်းတစ်ခုကို တွေ့လိုက်တာနဲ့ နောက်ထပ်အကြောင်းတွေ ထပ်ပေါ်လာပြီး ကိုယ်ဖြစ်ချင်တဲ့ ဘဝရဲ့ပုံစံဟာ ရုပ်လုံးပေါ်လာပါလိမ့်မယ် ။
အထီးကျန်စိတ်ကို ခံစားနေရတယ် ။ ငါတစ်ယောက်တည်းပဲရှိတယ် ။ ငါ့ကို ဘယ်သူကမှ မချစ်ကြ မခင်ကြဘူးလို့ စိတ်ထဲမှာ ဖြစ်နေတယ်ဆိုရင် ကိုယ့်အတွက် အမြဲရပ်တည်ပေးတတ်တဲ့ လူတစ်ယောက်ကို အရင်စဉ်းစားကြည့်လိုက်ပါ ။ ဥပမာ အမေလို လူမျိုးပေါ့ ။ ခွေးကလေးတစ်ကောင်ဆိုရင်လည်း အဆင်ပြေပါတယ် ။ နောက်ထပ် ကိုယ့်ကို ချစ်တဲ့သူတွေ ၊ မိသားစုဝင်တွေ ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ မျက်နှာတွေ ဆက်တိုက် ပေါ်လာပါလိမ့်မယ် ။
ကိစ္စတစ်ခုမှာ အခက်ခဲဆုံးက ဘာလဲဆိုရင် ပထမဦးဆုံး စလုပ်လိုက်ဖို့ပါပဲ ။ မည်သည့်အရာမဆို အစပိုင်းက အမြဲခက်ခဲတတ်ပါတယ် ။ အစလေး တစ်ခုကိုသာ အရင်ဆုံး စ ကြည့်ပါ ၊ စ လုပ်လိုက်ပါ ၊ စ တွေးကြည့်လိုက်ပါ ကျန်တဲ့အရာတွေက သူ့အလိုလို လိုက်ပါလာပါလိမ့်မယ် ။ အဲဒီအခါမှာ ကျွန်မတို့ဟာ ဘဝမှာ ကောင်းသောအရာတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ကျေးဇူးတင်ဝမ်းမြောက်စွာနဲ့ တွေ့ မြင်လာမိမှာပါ ။
#မွန်ဟော်စီ

image