ဖြစ်တည်ခြင်း"...တဲ့...
ကျွန်မ ဒီစာအုပ်ကို အမျိုးသမီးအတော်များများကို ဖတ်ကြည့်စေချင်တယ်

အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ မတူညီမှု ကွဲပြားခြားနားမှုတွေထဲမှာ နေထိုင်နေရလို့ ကြော-က်ရွံ့အားနည်းတယ်လို့ ခံစားနေရတဲ့သူ ၊ ငါမလုပ်နိုင်ပါဘူးဆိုတဲ့အတွေးတွေ ဝင်လာတတ်တဲ့သူ ၊ စိတ်အားငယ်တတ်တဲ့သူ ၊ ခင်ပွန်းသည်ရဲ့စိတ်ခံစားမှုတွေနဲ့ မိမိအတွေးနဲ့ထပ်တူညီမှုမကျတဲ့အခါ .. ခင်ပွန်းသည်ရဲ့အချိန်ပေးမှုတွေ ကို မရရှိခဲ့လို့ ခံစားရတဲ့အခါ .. မိခင်ဖြစ်သူတာဝန်နှင့် အခြားသောအလုပ်တာဝန်များစွာ ဖြင့် အလုပ်များစွာလုပ်ကိုင်နေရင်း ဘဝကိုဖြတ်သန်းနေရင်း မိသားစုအရေးရောလုပ်ငန်းပိုင်းဆိုင်ရာမှာ( ငါ ) သည်းခံနိုင်ပါ့မလား ? အဆင်ပြေအောင် စီမံဆောင်ရွက်နိုင်ပါ့မလား? လို့ စတဲ့အတွေးများစွာ ဝင်လာခဲ့ဖူးရင် ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်
ကျွန်မ ညွှန်းဆိုနေပါသော စာအုပ်အမည်က ဘာလဲ ? ဘာကြောင့်ညွှန်းဆိုနေရပါသလဲ?
ယခု ကျွန်မ ညွှန်းဆိုချင်တဲ့ စာအုပ်အမည်ကတော့ "ဖြစ်တည်ခြင်း" လို့ အမည်ရပါတယ် ဆရာဝင်းငြိမ်းက ဘာသာပြန်ထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ မူရင်းစာအုပ်အမည်က "BECOMING" မူရင်းစာရေးသူ က "MICHELLE OBAMA"ပဲ ဖြစ်ပါတယ်
ဒီစာအုပ်ထဲမှာ အမေရိကန်သမ္မတဟောင်းကတော်တစ်ဦးဖြစ်တဲ့ မစ်ရှယ်လ်ရော်ဘင်ဆင်ဆိုသည့် အမျိုးသမီးတစ်ဦး ( ဝါ ) မစ်ရှယ်ရော်ဘင်ဆင်အိုဘားမား ၏ ဘဝတစ်စိတ်တစ်ဒေသ ဖြတ်သန်းမှု၊ သူမ၏အတွေး၊ ကြိုးစားခဲ့ရမှုများ၊ သူမ၏ခွန်အားနှင့် ဩဇာ တို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခဲ့ပုံ များ၊သူမ၏ရဲရင့်မှုများ ၊ သမီးများအားပြုစုစောင့်ရှောက်မှုများ၊ ခင်ပွန်းသည်အား ဇနီးတစ်ဦးအနေဖြင့်လည်း ခင်ပွန်းသည်ဆောင်ရွက်လိုသော ကိစ္စရပ်များအား နားလည်ထောက်ပံ့ပေးပုံများ ၊အိမ်ဖြူတော်တွင် နေထိုင်ရသည့် အခြေအနေများ ၊ သမ္မတမိသားစုအနေဖြင့် လုံခြုံမှုအရ နေထိုင်ရသည့် စိတ်ခံစားမှုများ နှင့် နိုင်ငံရေးဆောင်ရွက်သူတို့၏ မိသားစုများ ၏ အခက်အခဲ၊ ဖြစ်တည်မှုများ စသည့် အကြောင်းအရာ မျိုးစုံကို အနိမ့်အမြင့် ၊အတက်အကျ ၊ပင်ပန်းခက်ခဲခဲ့မှု ၊အောင်မြင်ခဲ့မှု ၊ဝမ်းနည်းခဲ့ရမှု ၊ပျော်ရွှင်ခဲ့ရမှု စသည့် ခံစားမှု ဘဝအခြေအနေတို့နှင့်တွဲဖက်၍ အတုယူဖွယ် လေးစားအားကျရဖွယ် စိတ်ခွန်အားရရှိနိုင်ဖွယ် ဤစာအုပ်တွင် ရေးသားဖော်ပြထားပါတယ်
ထိုစာအုပ်လေးထဲတွင် ပထမပိုင်း အနေဖြင့် မစ်ရှယ်ရော်ဘင်ဆင်၏ ငယ်ဘဝဖြတ်သန်းမှု ၊ မိသားစု ပုံစံလေးများ ၊ သူငယ်ချင်းများ ဆွေမျိုးများနှင့် နေထိုင်ရသည့် ချီကာဂိုမြို့၏ အခြေအနေများကို ပြောပြပေးထားပါသည်၊ ထို့နောက် သူမ အနေဖြင့် ကျောင်းတက်ရသည့် အခြေအနေများ အားကစားတွင် ထူးချွန်သောအကို ၏ ချစ်ခင်မှုများ၊ အကို ကြောင့် ရောက်ရှိသည့်ကျောင်းများတွင် မျက်နှာရခဲ့မှုများကို ကလေးဘဝ လွတ်လပ်ပျော်ရွှင်မှုများနှင့်ပေါင်းစည်းပြောပြပေးထားသည်
ထို့နောက် တက္ကသိုလ်ကျောင်းပြီးနောက် ဥပဒေအကျိုးဆောင်လုပ်ငန်းတွင် လုပ်နေစဉ် အတွေးအခေါ်ကောင်းမွန်သော အများအကျိုးဆောင်ရွက်တတ်သော လူရည်မွန်တစ်ဦးဖြစ်သည့် ဘားရက်အိုဘားမား အမည်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာခဲ့ပြီးသူမနှင့်လက်တွဲဖြစ်ပုံများကိုလည်း အသေးစိတ်ပြောပြပေးထားသည်
ဘားရက်နှင့်လက်တွဲပြီးနောက် ချစ်ခြင်းမေတ္တာ ဖြင့် ပျော်ရွှင်ရပုံများ ၊အိမ်ထောင်ရေးအခက်အခဲများ၊ ခင်ပွန်းဖြစ်သူအားကူညီပံ့ပိုးပေးပုံများနှင့် နိုင်ငံရေးအခြေအနေများထဲသို့ ဘားရက်ရောက်ရှိသွားပုံတို့ကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဖော်ပြပေးသွားတာကလည်း အလွန်ကောင်းမွန်ပြည့်စုံလှပါတယ်
သမီးဖြစ်သူ "မလီယာနှင့်ဆာရှာ" တို့ မွေးဖွားခဲ့သည့်အချိန် တွင် ကြုံတွေ့ခံစားခဲ့ရမှုများကိုလည်း ထည့်သွင်းရေးဖွဲ့ထားပြီး ၊ နိုင်ငံရေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ စည်းရုံးနေမှုအချိန်တွင် ၎င်းတို့မိသားစုအနေဖြင့် မည်မျှအခက်အခဲကြုံတွေ့ခဲ့ရကြောင်း ကို ပြောပြသွားသည်မှာလည်း ကျွန်မတို့ တွေးထားသည်ထက် ပိုမိုခက်ခဲသည့်အခြေအနေတစ်ခုဖြစ်ကြောင်းကို သိသာစေခဲ့ပါသည်။
ပါတီကြီးများနှင့် နိုင်ငံရေးကာလ အပြိုင်အဆို္င် မဲဆွယ်စည်းရုံးမှုများလုပ်နေစဉ် အတွင်း စကားတစ်ခွန်းသည်လည်း မည်မျှအရေးပါကြောင်းကို ဒီစာအုပ်မှာလေ့လာနိုင်မှာဖြစ်ပါတယ်...
ဘားရက်အိုဘားမား အနေဖြင့် လေးဆယ့်လေးယောက်မြောက် သမ္မတအဖြစ် ဆောင်ရွက်ရသောအခါတွင် သူမအနေဖြင့် သမ္မတကတော်တစ်ယောက်အနေဖြင့် မည်သို့နေထိုင်သင့်ကြောင်း တွေးတောဆင်ချင်သုံးသပ်ပုံများကိုလည်းသိရှိနိုင်သည်။ အိမ်ဖြူတော်သို့ ပြောင်းရွေ့သောအခါတွင်လည်း ယခင်သမ္မတကတော်ဟောင်း၏ ကူညီပေးပုံများ၊ အိမ်ဖြူတော်၏ တည်ဆောက်ထားပုံများ ၊ သမ္မတမိသားစုအနေဖြင့်နေထိုင်ရာတွင် လုံခြုံမှုအရ ဆောင်ရွက်သွားလာရပုံများကိုလည်း အသေးစိတ်ပြောပြထားခဲ့သည်
ထိုစာအုပ်ကိုဖတ်ပြီးနောက်တွင် တကယ့်ကို ရဲရင့်သော အမျိုးသမီး ၊ အမြဲကြိုးစားနေသောအမျိုးသမီး၊ ခင်ပွန်းသည်နှင့်အလုပ်ကြား ဗျာများခဲ့ပြီး နောက် မိမိအလုပ်အား စွန့်လွှတ်ကာ မိမိခင်ပွန်းသည်အား အပြည့်အဝ အင်အားဖြည့်ပေးသည့် လေးစားဖွယ်ရာအမျိုးသမီး တစ်ဦး၊ သမီးများအတွက် အရာရာစီမံဆောင်ရွက်ပေးသော မိခင်တစ်ဦး ၊ နိုင်ငံသားများအကျိုးကို ရှေးရှုဆောင်ရွက်ခဲ့သည့်အမျိုးသမီးတစ်ဦးအဖြစ် စံပြုစရာ ဖြစ်ခဲ့ရပါသည်
ထို့အပြင် ကျွန်မအနေနဲ့ နောက်တစ်ခု ခံစားသိရှိလိုက်မိတာက ကျွန်မသည် အရင်က မစ်ရှယ်လ်အိုဘားမားသည် ဘားရက်အိုဘားမား၏ ချစ်ခြင်းမေတ္တာကို ရရှိသူ ၊ သမ္မတကတော် တစ်ယောက်ဖြစ်သူ အဖြစ်သာ သိရှိခဲ့သော်လည်း "ဖြစ်တည်ခြင်း" စာအုပ်ကို ဖတ်ပြီးသည့်နောက်တွင် ထိုအကြောင်းအရာ များသည် သူမပေးဆပ်ခဲ့ရခြင်း၊ ကြိုးစားခဲ့ရခြင်းတို့၏ အသီးအပွင့်များဖြစ်ကြောင်း ထိုအသီးအပွင့်များမစားသုံးနိုင်ခင် အခက်အခဲများ များစွာဖြတ်ကျော်ခဲ့ရကြောင်း မည်သည့်အခါမှ လက်မလျော့ခြင်း စိတ်ဓါတ်ခိုင်မာခြင်းတို့သည် ရလဒ်တစ်ခုကို ဖြစ်လာစေကြောင်း သိရှိခဲ့ရသည်
စာကြွင်း : " ဖြစ်တည်ခြင်း" စာအုပ်ကို ဖတ်ပြီးနောက် သူမ ပြောပြသော ဘားရက်အိုဘားမားတို့၏ အတွေးကို သိရှိခဲ့ရပြီး နောက်ထွက်မယ့် ဘားရက်အိုဘားမား၏ အကြောင်း စာအုပ်ကိုလည်း ထွက်လျှင် ထပ်မံ ဖတ်ကြည့်ရန် ကျွန်မ အတွက် ဆုံးဖြတ်ချက်တစ်ခုလည်းရရှိခဲ့ပါသည်

image