"မစောလတ် ကျုပ်ကိုဘယ်လိုမြင်လဲ"
"အဖြေရှာရခက်တဲ့ သင်္ချာပုဒ်စာတစ်ပုဒ်လို့ မြင်တယ်"
“မစောလတ်ဟာ နတ်သမီးကမ်းပါးကနေ လျှောချပြီး သူ့ကိုယ်သူ အဆုံ၊းစီရင်သွားသတဲ့..”
ပုဂံကို ချစ်လည်းချစ်တယ် မြတ်လည်းမြတ်နိုးတယ် ၊ စာဖတ်ရတာကိုလည်း ချစ်တတ်တယ်ဆိုရင် ဒီစာအုပ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါနော်..
ဒီစာအုပ်ကလေးဟာ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ရသကိုလည်းပေးတယ် ။ သမိုင်းကိုလည်း ယှက်နွယ်တင်ပြထားခဲ့တယ် ။ ပုဂံဘုရားတွေမှာ တွေ့ရမြင်ရလေ့ရှိတဲ့ နံရံဆေးရေးပန်ချီရဲ့ အနုပညာကိုလည်း ဖော်ကျူးတယ် ။
ပုဂံက စေတီပုထိုးတွေရဲ့ သမိုင်းနောက်ခံ အကြောင်းအရာလေးတွေကလည်း စာဖတ်သူတို့ကို ဗဟုသုတလေးတွေ ဖြစ်စေပါတယ် ။
ဝတ္ထုအတွင်း ပါဝင်တဲ့ နယ်မြေအနေအထား ဒေသန္တရ ဖြစ်တည်ပုံတွေ ထည့်သွင်းဖော်ပြထားပုံကလည်း ပုဂံဒေသကို ရောက်ဖူးသူတို့အတွက် ပုဂံပုံရိပ်တွေ တရိပ်ရိပ် မျက်လုံးထဲကို ပေါ်လာစေပါတယ် ။
ဒီ့အပြင် ဒီစာအုပ်လေးထဲမှာ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းနယ်မြေ ပုဂံကို ၊ ရှေးဟောင်းအမွေကို ရှေးဟောင်းလက်ရာတွေကို နှောင်းလူတို့ တန်ဖိုးထားတတ်ကြစေဖို့ ကို လည်း တချက်တချက် နဲ့ မီးမှောင်းထို၊းပြီး အသိပညာလေး ပေးထားပါသေးတယ် ။
စာအုပ်ကလေးရဲ့ ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်လမ်းဇာတ်ကွက်လေးတွေဟာလည်း တစ်ခုချင်း၊ တစ်မျက်နှာချင်း အလိုက် စာဖတ်သူကို ဆွဲဆောင်ဖမ်းစား နိုင်ပါသေးတယ်။ စာရေးသူရဲ့ အနုပညာ ၊ အရေးအသားစွမ်းရည်က စာဖတ်သူကို မငြီးငွေ့စေတဲ့အပြင် နောက်တစ်မျက်နှာကိုရောက်ရှိစေဖို့ အလိုအလျောက် ဆွဲဆောင်နိုင်စေပါတယ်။
ပုဂံသူ မစောလတ် ၊ မန္တလာမြေက မင်းဆွေမင်းမျိုး တစ်ဦး ဖြစ်တဲ့ မောင်မောင်ကြီး တို့ရဲ့ ပြောစမှတ်တွင်ခဲ့တဲ့ရာဇဝင်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရယ်… သူတို့ နှစ်ဦးကွ-ယ်လွန်ပြီးနောက် အနှစ်လေးဆယ်လောက်ကြာတဲ့အခါမှာ တွေ့ဆုံဖြစ်ခဲ့ကြတဲ့ မောင်မောင်ကြီး (ခေါ်) ပန်ချီကို မြတ်နိုးသူ ၊ ရှေးဟောင်းလက်ရာကို မြတ်နိုးတန်ဖိုးထားသူ အမျိုးသားတစ်ဦးနဲ့ ပုဂံမျိုးနွယ်သူ စိတ်မြန်လက်မြန်ရှိစွာ လှပချောမောလှတဲ့ ‘မခင်စောမူ’ ဆိုတဲ့ အမျိုးသမီးလေးတို့ရဲ့ ဇာတ်လမ်းလေး…
ဒီဇာတ်လမ်းလေး နှစ်ပုဒ်ကို ဖတ်ရင်း စာဖတ်သူတို့ တလွင့်လွင့် တရိပ်ရိပ် အတွေးရဲ့ ပုဂံမြေ မှာ စီးမျောခံစားမိစေဦးမှာပါ ။
မစောလတ်နဲ့ မောင်မောင်ကြီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးမှာဆိုရင် ပုဂံက ဆိုတာနဲ့ ဘုရားကျွန်ဆိုတဲ့ အသုံးအနှုန်းနဲ့သဘောမတူ လေနိုင်ခဲ့တဲ့ မောင်မောင်ကြီးရဲ့ မိဘများ၊ မိဘတွေရဲ့ အဆင့်အတန်းခွဲခြားဆက်ဆံမှုကို မနှစ်ခြိုက်တဲ့မောင်မောင်ကြီးဟာ ချစ်သူရှိရာပုဂံရှိရာသို့ လိုက်သွားခဲ့ပေမယ့်လည်း ဘုရားကျွန်အသုံးအနှုန်းနဲ့ အဆင့်အတန်းခွဲခြားမှုကြောင့် စိတ်နာကြရလေတဲ့ မစောလတ်ရဲ့ မိဘဆွေမျိုးတသိုက်က သူတို့နှစ်ဦးကို သဘောမတူ ခွဲထားကြလေရာမှ …..ကြေကွဲဖွယ်ရာ သူတို့နှစ်ဦးရဲ့ ဇာတ်သိမ်းဇာတ်လမ်းကလေး က ဆိုရင် အတော်လေး သနားစရာ ကောင်းလှပါတယ်။
‘ခင်စောမူ”နဲ့ မောင်မောင်ကြီးတို့ရဲ့ တွေ့ဆုံခြင်းအစမှာ “ခင်စောမူ” ကို မြင်မိတဲ့အခိုက် မောင်မောင်ကြီး ထံက အံ့ဩမှင်သက်စွာ ထွက်ပေါ်လာတဲ့ “ မစောလတ်”ဆိုတဲ့ ခေါ်သံကလည်း စာဖတ်သူကို ဒီစာအုပ်အပေါ် စိတ်ဝင်စားမှု ဖြစ်စေဖို့ ဖန်တီးပေးပါလိမ့်ဦးမယ်။ နောက်မှာ “ခင်စောမူ”ရဲ့ ဖခင်ဖြစ်သူ ဦးဘမူရဲ့ သမီးအပေါ် ရှိတဲ့ မိဘမေတ္တာ ၊ စိုးရိမ်ပူပန်ရမှုများ …. “ခင်စောမူ”နဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ “ ကိုကိုလွင် “ ရဲ့ စိတ်ခံစားချက် .. ခင်စောမူရဲ့ အဒေါ်ဖြစ်သူ ပြောပြလာတဲ့ မစောလတ်နဲ့ မောင်မောင်ကြီးတို့ရဲ့ အချစ်ဇာတ်လမ်း ….ခင်စောမူနဲ့ မောင်မောင်ကြီးတို့ရဲ့ တွေ့ဆုံခြင်းနဲ့အတိတ်တွေ
စသဖြင့် ရသအဖုံဖုံ ခံစားချက်အမျိုးမျိုးကို
ဒီစာအုပ်ကလေး ဖတ်ရင်းနဲ့ ခံစားရရှိစေပါလိမ့်မယ်။
ပုဂံမှာ ကြုံခဲ့ဆုံခဲ့ရတဲ့ဇာတ်လမ်းကလေး ၊ ပုဂံမြေကို ချစ်ကြတဲ့သူတို့နှစ်ဦး ..လူဝင်စားအဖြစ်တကယ်ပဲ ပြန်လည်ဆုံတွေ့ခဲ့ကြလေသလား .. ဘဝအသစ်နဲ့ ရေစက်ဆုံကြခြင်းပေလား …ဘယ်လို အခက်အခဲတွေ အဖြစ်အပျက်တွေ နဲ့ကြုံရဆုံရဦးမလဲ ဆိုတာကို တော့ စာဖတ်သူတို့ကိုယ်တိုင်စီးမျောခံစားကြည့်စေချင်ပါတယ်
#bookreviewbyhtet ( Burmese Bookwarm)
#ပုဂံမြို့သူ
#မောင်သိန်းဆိုင်
#bookreview
