ရုရှားလိုလားတဲ့ ယူကရိန်းအစိုးရထိပ်တန်းတာဝန်ရှိသူဟောင်း စပိန်မှာ ပစ်သတ်ခံရ
မက်ဒရစ်၊ မေ-၂၂-၂၀၂၅
ရတီ(VOM)
ရုရှားလိုလားတဲ့ ယူကရိန်းထိပ်တန်းအရာရှိဟောင်းတယောက်ဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားပါတယ်။
အသက် ၅၁ နှစ်အရွယ် အန်ဒရေပို့နော့ဗ်ဟာ စပိန်နိုင်ငံ ပိုဇူလူဒီအလာကွန်ဒေသရှိ စာသင်ကျောင်းမှာ ကလေးတွေကိုထားပြီး ကားပါကင်ကို အသွားမှာ အမည်မသိသေနတ်သမားက ပန်းခြံထဲ ထွက်မပြေးခင် ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေနတ်သမားဟာ သေနတ် ငါးချက်၊ ခြောက်ချက် ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ပစ်ခတ်မှုနောက်ကွယ်က အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ သေနတ်သမားဟာ ကြံရာပါတယောက်နဲ့တူ ဆိုင်ကယ်စီးလာပုံရကြောင်း စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ပစ်ခတ်မှုကြောင့် ဦးခေါင်းနဲ့နောက်ကြောမှာ ဒဏ်ရာရရှိခဲ့ပြီး အလောင်းကိုတော့ ရင်ခွဲစစ်ဆေးဖို့ လု်ပဆောင်နေပါတယ်။ သူဟာ မကြာသေးမီနှစ်တွေအတွက်း ပြည်တွင်းနဲ့ ပြည်ပမှာ စွဲဆိုထားတဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အနိုင်ရရှိခဲ့ပါတယ်။
သူဟာ လအတန်ကြာ ဆန္ဒပြပွဲများကြောင့် ၂၀၁၄ ခုနှစ်မှာ ဖြုတ်ချခံခဲ့ရတဲ့ ရုရှားလိုလားတဲ့ သမ္မတ ဗစ်တာယန်နူကော့ဗ်ချ် အစိုးရ လက်ထက်မှာ ပါလီမန်အမတ်နဲ့ အစိုးရလက်ထောက်အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဇီလန်စကီး သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်မှာတော့ သူဟာ ယူကရိန်းကနေ ထွက်ခွာခဲ့ပြီး သူဟာ တရားစီရင်ရေးစနစ်ကို ထိန်းချုပ်ဖို့နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားနည်းအောင်လုပ်တယ်ဆိုကာ အမေရိကန်တရားရေးဌာနက ၂၀၂၁ ခုနှစ်မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
Ref:BBC
