❛ အရက်ဆန့်ကျင်ရေးသမားတွေ ❜ က
စာရေးဆရာတွေ အရက်သောက်လို့
အချိန်မတိုင်မီ ကွယ်လွန်ကြရသည်ဟု
အရက်ကြောင့် အကြွေစောရသော
ဆရာကြီးတချို့ကို ထောက်ပြကြသည်။
ထိုအခါ အရက်ကြိုက်သူများက
“ဒါဆို ဆရာကြီးရွှေဥဒေါင်းကျတော့
ဘယ်လိုပြောမလဲ. . . အသက်ရှစ်ဆယ်ကျော်
အထိ ကျန်းကျန်းမာမာနေသွားတာပဲ
မဟုတ်လား...” ဟု ပြန်လည်ချေပကြမည်။
ဆရာကြီးရွှေဥဒေါင်းသည်
အရက်ကို စည်းမဲ့ကမ်းမဲ့သောက်ခြင်းမဟုတ်။
ပြီးတော့ ဆရာကြီးသည် အရက်ကို
မူးချင်လို့သောက်ခြင်းလည်းမဟုတ်။
ထမင်းစားကောင်းအောင် သောက်ခြင်းဖြစ်၏။
သူ့ရည်ရွယ်ချက်ကိုက ခံတွင်းမြိန်ဖို့
အဓိကဖြစ်သဖြင့် အန္တရာယ်ဖြစ်သည့်
အဆင့်သို့ မရောက်တော့။
အစားအသောက်ကောင်းကောင်းစားခြင်း၊
တစ်ခါတလေအသီးအနှံများကိုသာ စားခြင်း၊
မနက်တိုင်း စက်ဘီးစီး လမ်းလျှောက်ခြင်း
စသည်တို့ကြောင့်
အသက်ရှည်ခဲ့ရခြင်း ဖြစ်၏။
ဆရာသော်တာဆွေကတော့
ဆရာကြီးထက်စာလျှင် ပိုသောက်သည်ဟု
ပြောနိုင်သည်။ ငယ်စဉ်ကဆိုလျှင်
အသောက်ကြမ်းခဲ့ဖူးသူ ဖြစ်၏။
သို့တိုင်အောင် အသက်ကြီးလာသောအခါ
ဆရာကြီးရွှေဥဒေါင်း၏နည်းကိုယူပြီး
ချင့်ချင့်ချိန်ချိန် သောက်ခြင်း၊
အစားကောင်းကောင်း စားခြင်း၊ မနက်တိုင်း လမ်းလျှောက်၍ ဈေးဝယ်ထွက်ခြင်းတို့ကြောင့် ဆရာကြီးလောက်အသက်မရှည်သည့်တိုင်
သူ၏ သောက်ဖော်သောက်ဖက်
အတော်များများထက် ပို၍ ကျန်းမာသည်။
အသက် ခုနစ်ဆယ့်ငါးနှစ်လောက်ထိ
နေသွားရလေသည်။
• ယမကာလုလင် / မှ •

