အနေတတ်မှ အေးချမ်းမယ် 
  🙏🙏🙏🙏🙏🙏🙏 
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ....  
ပုထုဇနော ဥမ္မတ္တကော တဲ့။  
လူ့လောက ပုထုဇဉ်လူသား မှန်သမျှဟာ   
အရူးတွေချည်းပဲ တဲ့။  
အာရုံဟူသမျှကို လိုချင်တပ်မက်နေတဲ့  
လောဘစိတ်နဲ့ ရူးသွပ်နေကြတယ်။ 
ရတာမလို လိုတာလည်း မရတဲ့အခါမှာ  
ဒေါသစိတ်နဲ့ ရူးသွပ်နေကြတယ်။ 
အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို 
ဝေဖန်နိုင်စွမ်းမရှိတော့ အမှားကို အမှန်ထင်ပြီး 
အမှန်ကိုကျတော့ အမှားတွေပဲလို့ ယူဆ   
မောဟစိတ်နဲ့ ရူးသွပ်နေကြတယ်ပေါ့။ 
ပုထုဇဉ်ဘဝတွေဆိုတာ  
လောဘအပူ၊ ဒေါသအပူ၊  
မောဟအပူတွေထဲမှာ  
နေရပါများလာတော့  
ပူရကောင်းမှန်း မသိနိုင်ကြဘူး။  
ဘာဖြစ်လို့လည်း ဆိုရင်   
တစ်သံသရာလုံး ကျင့်သားရနေကြလို့ပါပဲ။ 
ဒါပေမယ့် .… 
အချို့သော ပုထုဇဉ်ပုဂ္ဂိုလ်တွေကျတော့   
ကိလေသာအာရုံတွေကို အပူတွေပဲလို့ 
အနည်းငယ် အသိလေးဝင်လာတဲ့အခါ...  
ဘုရားဂုဏ်တော်, တရားဂုဏ်တော်,  
သံဃာဂုဏ်တော်တွေကို အာရုံပြုပြီး   
စိတ်ကလေး ငြိမ်းအေးနေအောင်  
နေထိုင်လာကြတယ်။ 
အာရုံတစ်ခုအပေါ်မှာ  
ဖြစ်လိုက်တဲ့ လောဘစိတ်ကလေးကို  
သိသိချင်း ထိန်းလိုက်တယ်။ 
ဒေါသ စိတ်ကလေးဖြစ်မှုကိုလည်း  
သိသိချင်း ထိန်းလိုက်နိုင်တယ်။ 
မောဟစိတ်နဲ့ တွေဝေနေမှု အပေါ်မှာလည်း   
အာရုံရဲ့သဘောအမှန်ကို သိအောင် 
ရှုမြင်လာနိုင်ပါတယ်။ 
ဒီလို လောဘ, ဒေါသ, မောဟ ဆိုတဲ့ 
အပူတရားတွေပေါ်မှာ  
စိတ်နှလုံးအေးချမ်းနေအောင်   
ဆင်ခြင်သုံးသပ်နေခြင်းဟာ 
သောတာပန် အငယ်စားလေး ဖြစ်မှန်းမသိ 
ဖြစ်လာပြီပေါ့ ...။ 
သာမန် ပုထုဇဉ်ပုဂ္ဂိုလ်တွေဆိုတာက 
လင်နဲ့မယား, သမီးနဲ့သားတွေမှာ  
အချင်းချင်း ပူပင်နေကြတယ်။  
စီးပွားဥစ္စာ၊ အာဏာရာထူးတွေမှာ  
ပူပင်နေကြတယ်။ 
မနေ့က မလုပ်လိုက်ရတဲ့  
အလုပ်အပေါ်မှာ  
နောင်တအပူတွေ ဖြစ်ကြတယ်။ 
မနက်ဖြန်အတွက်  
ဘာဖြစ်လာမလဲလို့ မျှော်တွေးပူကြတယ်။  
ပစ္စုပ္ပန်တည့်တည့်ကျတော့ 
သောက, ပဋိဒေဝ, ဒုက္ခ, ဒေါမနဿ,  
ဥပါယာသ စတဲ့ မီးတွေကြားထဲမှာ   
ပူလောင်နေကြပါတယ်။ 
မြတ်စွာဘုရားက 
သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားသူတွေဟာ...  
တစ်လောကလုံး  
အေးချမ်းမှုတွေ ကင်းနေတဲ့  
သတ္တဝါတွေထဲမှာ...  
အေးအေးချမ်းချမ်း နေထိုင်နိုင်တဲ့ 
အနေအထားကို ရောက်သွားပြီတဲ့။ 
ဆင်းရဲဒုက္ခတွေ ရောက်နေကြပြီး 
စိတ်ဓါတ်တွေ ဖောက်ပြန်နေကြတဲ့  
သတ္တဝါတွေရဲ့ အကြားမှာ…  
သောတာပန်ပုဂ္ဂိုလ်တွေဟာ   
စိတ်နှလုံးအေးချမ်းစွာ နေနိုင်သွားပြီ။ 
ဘုရားရဲ့ ဂုဏ်ကိုအာရုံပြု ပြီး 
စိတ်အလျဉ်ကြောထဲမှာပဲ မျောနေကာ 
အေးချမ်းတဲ့ အရသာကို တွေ့ရှိ 
ခံစားနေနိုင်သူဟာ 
သောတာပန်ပုဂ္ဂိုလ်တွေပါပဲ။ 
ဒါ့ကြောင့် …  
မိမိတို့တတွေဟာ   
လောကကြီးထဲမှာ နေထိုင်ရသမျှ   
ကိလေသာအပူတွေ ဆိုတာ   
လူတိုင်း ကြုံနေကြရမှာပါ။ 
ကြုံတွေ့ကြရတဲ့ အပူတွေထဲမှာမှ 
အေးချမ်းတဲ့ ဘဝတစ်ခုဖြစ်အောင်  
ကိုယ်တိုင်ဆင်ခြင်သုံးသပ်ဖန်တီးပြီး… 
အပူတွေထဲမှာ အေးချမ်းအောင် 
နေနိုင်ကြပါစေကုန် သတည်း...။ 
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 
   ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 
   🙏🙏🙏🙏🙏🙏🙏🙏🙏🙏 
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။?  
#ကုသိုလ်ကောင်းမှုများကို 
မမေ့မလျော့ ပြု နိုင်ကြပါစေ။ 
 🙏🙏🙏🙏🙏🙏🙏