ဂါဇာမှာ စစ်ဆင်ရေးမရပ်ရင် အရေးယူမှုတွေလုပ်မယ်လို့ အစ္စရေးကို ဥရောပခေါင်းဆောင်တွေ သတိပေး 
ပါရီ၊ မေ-၂၀-၂၀၂၅ 
မျိုးဆက်(VOM) 
အစ္စရေးအနေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တိကျသေချာတဲ့ အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ကနေဒါ ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ 
ဂါဇာမှာ အစ္စရေးရဲ့စစ်ဆင်ရေးတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အကဲ့အသတ်မဲ့ ချက်ချင်းဝင်ရောက်ခွင့်ပြုဖို့ ပြင်သစ်၊ ကနေဒါနဲ့ ဗြိတိန်တို့က တောင်းဆိုထားကြပါတယ်။ အစ္စရေးဟာ မတ် ၂ ရက်ကတည်းက ဂါဇာကို အစားအစာ၊ ဆေးဝါးနဲ့ လောင်စာဆီဝင်ရောက်မှုတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ 
ဒါကြောင့် ဒေသရှိ လူနှစ်သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဒါပေမယ့်လည်း  သီတင်းပတ် ၁၁ ပတ်ကြာ ပိတ်ဆို့ထားပြီးနောက် အကူအညီတွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမယ်လို့ အစ္စရေးက အသိပေးလာပါတယ်။ 
အကူအညီတွေ ဝင်ရောက်ခွင့် ငြင်းပယ်တာဟာ လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း ပြင်သစ်၊ ဗြိတိန်နဲ့ ကနေဒါခေါင်းဆောင်တွေက ဝေဖန်ပါတယ်။ 
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဂါဇာကမ်းမြှောင်တခုလုံးကို ထိန်းချုပ်ဖို့ စီစဉ်ထားကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ အတောအတွင်း ခန်းယွန်နစ်တဝိုက်ရှိ ပါလက်စတိုင်းတွေကို ဘေးလွတ်ရာပြောင်းကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။ 
အနောက်ဘက်ကမ်းအပါအဝင် အခြေချနေထိုင်မှုတွေ ချဲ့ထွင်တာကို လက်မခံကြောင်းနဲ့ ပစ်မှတ်ထားအရေးယူပိတ်ဆို့တာတွေအပါအဝင် အရေးယူမှုတွေအတွက် တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ဥရောပခေါင်းဆောင်တွေက သတိပေးထားပါတယ်။ 
ဒီကနေ့မှာတော့ လူသားချင်းစာနာမှုအကူအညီတွေ တင်ဆောင်လာတဲ့ ကုလသမဂ္ဂ ကုန်တင်ယာဉ်ငါးစီးဟာ ဂါဇာကို ဝင်ရောက်လာပြီဖြစ်ပါတယ်။