ဥစ္စာနွမ်းပါးတဲ့ မိဘတွေက 
သားသမီး ပညာတတ်ဖို့ အတွက် 
နေပူထဲ. . အလုပ်ခွင်ထဲမှာ 
နှစ်ဆ အပင်ပန်းခံပြီး ရုန်းကန်ကြရတယ်။ 
သားသမီး ဘွဲ့တစ်ခု ရဖို့အတွက် 
ထမင်းစားပွဲဝိုင်းက ဟင်းတစ်ခွက်ကို လျှော့ပစ်လိုက်ရတယ်။ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ်ခဲ့ကြရတယ်။ 
  အချိန်တန်လို့ သားသမီးက ဘွဲ့လည်းရရော 
မိဘတွေလည်း ဖတ်ဖတ်ကို မောလို့. . . 
တော် တော် ကို နွမ်းလျ ပင်ပန်း သွားကြပြီ။ 
နှစ်တွေ လတွေ နဲ့ ချီပြီး 
သူတို့ ပင်ပန်းလာခဲ့ သမျှ သားသမီး ရဲ့ လခ စားလေးနဲ့အပန်းဖြေလိုက်မယ် ကြံရုံကာရှိသေး. . . 
အရွယ်ရောက်လို့ ပညာစုံပြီ ဖြစ်တဲ့ 
သား သမီးက ကြင်ယာစုံဖို့အထိ ပလန် ချပြီးသွားပြီ။ 
  မိဘနှစ်ပါးခမျာ ဘာမှ မတတ်နိုင်ရှာဘူး။ 
အေးပေါ့ကွယ်. . . လူ့သဘာဝပေကိုး. .။ 
သူလည်း လက်တွဲဖော်နဲ့ ပျော်ချင်ရှာမှာ ပေါ့. . . 
ဒီလို နားလည်ခွင့်လွှတ်စိတ် လေးတွေနဲ့ပဲ 
ကိုယ့်စိတ်ကို ဖြေသိမ့်ကြရင်း 
သူတို့ရဲ့ ရှေ့ရေးထက် သားသမီးရဲ့ ရှေ့ရေးကိုပဲ 
ဦးစားပေး. . . နေရာပေးရင်း 
ရင်ကွဲပက်လက် နဲ့ ရင်ဘတ်ထဲက. . . ဘဝထဲက 
ခွဲထွက်ခွင့်ကို ပေးလိုက်ကြရတယ်။ 
  တားချင်ပေမယ့် မတားရက်ဘူး 
နှမြောပေမယ့် ပြောမထွက်ဘူး။ 
အားကိုးချင်ပေမယ့် မမျှော်လင့်ရက်တော့ဘူး။ 
ဝမ်းနည်းလွန်း အားကြီး လာရင်တောင် 
ကွယ်ရာသွားပြီး မျက်ရည်ကျ ပစ်လိုက်တယ်။ 
သားသမီး ရှေ့မှာတော့ သူတို့ဟာ ပျော်ပျော်ပဲ။ 
မိဘမေတ္တာ စုန်ရေ ဆိုတာ ဒါပါဘဲလေ. . .။ 
  ပညာလည်းစုံ ကြင်ယာလည်းစုံ သွားတဲ့ သားသမီးကတစ်အိုးတစ်အိမ်တည်လို့ ခွဲထွက်ပစ်ခွာသွားတော့ 
နွမ်းပါးရှာတဲ့ မိဘ နှစ်ပါးခမျာ 
ရှိစုမဲ့စု ဥစ္စာပစ္စည်း လေးတွေကလည်း 
သားသမီး ပညာရေးထဲ နှစ်မြှပ်လိုက်လို့ ကုန်ခဲ့ပြီ။ 
အရွယ်ကလည်း ဇရာရဲ့ လက္ခဏာတွေ ထင်ရှားခဲ့ပြီ။ 
နွမ်းပေမယ့်လည်း အပန်းဖြေခွင့် မရကြတော့ဘူး။ 
သူတို့ဟာ ဝမ်းစာရေးအတွက် 
နေပူထဲ. . . အလုပ်ခွင်ထဲမှာ 
ဆက်ကာ ဆက်ကာ ရုန်းကန် နေခဲ့ ကြရတော့တယ်။ 
နေညိုချိန်မလှတဲ့ စုန်ရေ တို့ ဘဝပါပဲ။ 
  မိဘ အများစု ဟာ 
ဘယ်လောက် လိမ္မာတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ် 
ဘယ်လောက် အလိုက်သိတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ် 
အိမ်ထောင် ကျသွားခဲ့ပြီ ဆိုရင်  
အဲ့ဒီ သားသမီး အပေါ်မှာအားကိုးမျှော်လင့်စိတ်တွေ သိပ်မထားတတ်ကြတော့ဘူး။သူတို့ဘဝကို ဖြစ်သလိုသာ ရုန်းကန်ကြတော့တယ်။ 
  မိဘ ကို အရမ်းချစ်တဲ့ သားသမီး ကတော့ 
မိဘအတွက် ပြန်ပြီး လုပ်ကျွေးချင်စိတ် ရှိပါတယ်။ 
သို့ပေမယ့် သူ့မှာကလည်း အိမ်ထောင်ရှိနေတဲ့အခါ 
စိတ်ကသာ ရောက်ပြီး လက်တွေ့ ရောက်မလာနိုင်တော့ဘူး။ 
မွေးကတည်းက မိဘဆီ က 
အယူချည်း သက်သက် နဲ့ ကြီးပြင်းလာခဲ့တော့ 
ပြန်လုပ်ကျွေးနိုင်ချိန်ရောက်တော့ 
အိမ်ထောင်သည် ဖြစ်နေပြီ။  
ဘာမှမတတ်နိုင်တော့ဘူး။ကိုယ်က မိဘကို ကျွေးချင်ရင်တောင် 
အိမ်ထောင်ဘက်ရဲ့ မျက်နှာကို ကြည့်နေရပြီ။ 
သူ မကြည်ဖြူရင် ကိုယ်ဘာမှလုပ်လို့ မရတော့ဘူး။ 
  ဒါတင် မကပါဘူး. . . 
ကိုယ့်မိဘကို ပံ့ပိုးပေးချင်ရင် 
သူ့ မိဘ အတွက်ပါ ထည့်တွေး ပေးလာရတော့တယ်။ 
ကျွေးချင်ရင် နှစ်ဖက်စလုံးကို ကျွေး. . . 
ပေး ချင်ရင် နှစ်ဖက်စလုံးကို ပေး. . . 
မကျွေးနိုင်. . . မပေးနိုင်ရင် နှစ်ဖက်စလုံးကို 
မကျွေးနဲ့ မပေးနဲ့ ဖြစ်လာကုန်ရော. . .။ 
နှစ်ဦး နှစ်ဖက် မိဘတွေကို ပေးရပြီ ဆိုတော့ 
ကိုယ့်မှာကလည်း ဥစ္စာပစ္စည်း မလုံလောက်သေးတာနဲ့ 
မိဘတွေကို မပေးဖြစ်. . မကျွေးဖြစ်တော့ဘူး. . . 
ေဩာ် မိဘကျေးဇူး. . . မိဘကျေးဇူး 
စိတ်ကူး ပေါက်ရင်တောင်မှ တကယ်ဆပ်ဖြစ်ဖို့ 
မလွယ်ကူလှပါဘူး။ 
ကိုယ့်အပူ ကိုယ့်သောက တွေနဲ့ 
အိမ်ထောင်သည် ဘဝမှာချာချာလည်နေရင်း 
မိဘအိမ်နဲ့ ဝေးမှန်းမသိ ဝေးသွား ခဲ့ကြတယ်။ 
ဒီလို နဲ့ အချိန်တွေ လွန်လာရင်း 
မိဘနှစ်ပါးမှာ ဘဝတိမ်းပါး သွါးတဲ့အခါ 
ဒီဘဝမှာ မိဘကျေးဇူး ဆပ်ဖို့ အခွင့်အရေး ဟာ 
လုံးဝ ကို လက်လွှတ်ဆုံးရှုံး သွားကြရတော့တယ်။ 
မိဘကျေးဇူး ကို တကယ်ဆပ်ချင်တဲ့သူ အတွက် 
မိဘနှစ်ပါး မရှိတော့ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။ 
မိဘကို ချစ်ကြသူတိုင်း 
မိဘကျေးဇူးကို မြန်မြန် ဆပ်နိုင်ကြပါစေ။ 
Credit