ရုရှားနဲ့ ယူကရိန်းတို့ အပစ်ရပ် ဆွေးနွေးမှုတွေ ချက်ချင်းစတော့မယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ မေ-၂၀-၂၀၂၅
ရတီ(VOM)
ရုရှားနဲ့ ယူကရိန်းတို့ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုတွေ ချက်ချင်းစတင်လိမ့်မယ်လို့ ရုရှားသမ္မတပူတင်နဲ့ နှစ်နာရီကြာ တယ်လီဖုန်းနဲ့ဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပူတင်နဲ့ဆွေးနွေးမှုဟာ အလွန်ကောင်းမွန်တယ်လို့ ထရန့်က ပြောဆိုထားပြီး ယူကရိန်းငြိမ်းချမ်းရေး အခြေအနေတွေ ဖန်တီးနိုင်ဖို့ နှစ်ဖက်အကြား ဆွေးနွေးမှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်တော့ နီးစပ်ခဲ့ပုံမပေါ်ပါဘူး။
ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ယူကရိန်းနဲ့ လက်တွဲလု်ပဆောင်ဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ယူကရိန်းသမ္မတကတော့ ဒါဟာ တိကျတဲ့ အချိန်အခိုက်အတန့်ဖြစ်ပြီး အမေရိကန်အနေနဲ့ ဆွေးနွေးပွဲတွေနဲ့ ဝေးဝေးမနေဖို့ တိုက်တွန်းထားပါတယ်။
ထရန့်ကတော့ စေ့စပ်ညှိနှိုင်းမှု အသေးစိတ်အချက်အလက်တွေကို နှစ်ဖက်စလုံးကသာ သိရှိကြပြီး လုပ်ငန်းစဉ်ရှေ့ဆက်ဖို့ တိုက်ရိုက်ဆွေးနွေးသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲဖို့ ဥရောပနိုင်ငံတွေရဲ့ တောင်းဆိုမှုကိုတော့ ရုရှားသမ္မတပူတင်က ထည့်သွင်းပြောကြားတာ မရှိပါဘူး။ ထရန့်နဲ့ ဆွေးနွေးခဲ့တဲ့ ဇီလန်စကီးကတော့ ခြွင်းချက်မရှိ ရက် ၃၀ အပစ်ရပ်ရေးကို ထပ်မံတောင်းဆိုလိုက်ပြီး ဒီလိုမှမဟုတ်ရင် ရုရှားအနေနဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။
ယူကရိန်းနဲ့ပတ်သက်တဲ့ ဘယ်လိုဆုံးဖြတ်ချက်မဆို ယူကရိန်းမပါဘဲ ဘယ်ဟာကိုမှ အတည်ပြုမှမဟုတ်ဘူးလို့ ပူတင်နဲ့ထရန့်နဲ့ မဆွေးနွေးမီကတည်းက ဇီလန်စကီးက သတိပေးထားပါတယ်။ စေ့စပ်ညှိနှိုင်းမှုအဆင့်မှာ အမေရိကန်နဲ့ ဥရောပကိုယ်စားလှယ်တွေ သင့်လျော်တဲ့အဆင့်မှာ ပါဝင်ရမယ်လို့ သူက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:AP
