ငရုတ်သီးအတောင့်ကြော် ကြွပ်ရွနေစေချင်ရင်။
ဟိန္ဒူလူမျိုးတွေရဲ့ ထမင်းဆိုင်တွေမှာ၊ သူတို့တွေရဲ့အလှူမင်္ဂလာပွဲတွေမှာ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ထောင်းအချိုကြော်တို့နဲ့ ငရုတ်သီးအတောင့်ကြော်ကြွပ်ကြွပ်ရွရွလေးနဲ့ ထမင်းသုံးဆောင်ဖူးကြမှာပါ။
အတော်ထမင်းမြိန်ပါတယ်။
ငရုတ်သီးအတောင့်ကို ဆီနဲ့ကြွပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်ထားတာက ငရုတ်သီးကြော်နံ့လေး မွှေးနေတာပါပဲ။
ရက်နည်းနည်းကြာတော့ ကိုယ်တိုင် ငရုတ်သီးအတောင့်ကို ဆီပူထဲထည့်ပြီး ကြွပ်ကြွပ်ရွရွလေး ကြော်လိုက်တယ်။
ကြော်ပြီးသားတွေကို ပန်းကန်ထဲထည့်ပြီး ကြောင်အိမ်ထဲမှာ ထည့်ထားလိုက်တယ်။
ခဏကြာ ထမင်းစားတော့ ငရုတ်သီးတောင့်ကြော်တွေက မကြွပ်မရွတော့ဘူး။ ညနေကျတော့ ငရုတ်သီးတောင့်ကြော်တွေက ပျော့နေကြပြီ။
ဆရာမပြလို့ နည်းမကျတာပဲဆိုတာ သိလိုက်ပါတယ်။
ဒါနဲ့ ငရုတ်သီးအတောင့်ကြော် ကြွပ်ကြွပ်ရွရွလေး ဖြစ်နေအောင်လုပ်နည်းကို အရီးလေးဆီကနေ သိလာရပါတယ်။
အဲဒီလျှို့ဝှက်ချက်ကတော့...
ငရုတ်သီးတောင့်ကို ဆီနဲ့ကြွပ်ကြွပ်ရွရွလေးကြော်ပြီးတာနဲ့ ပန်းကန်ထဲထည့်၊ ပူပူနွေးနွေးလေးဖြစ်နေတဲ့ အချိန်မှာပင် အပေါ်ကနေပြီးတော့ ဆားအနည်းငယ် ဖြူးပေးထားရပါတယ်။
တစ်နေကုန်၊ တစ်ညလုံး ပျော့သွားခြင်း မရှိတော့ပါဘူးတဲ့။
အားလုံးအဆင်ပြေကြပါစေ။
#ငရုပ်သီး
