လွှတ်ချတတ်ဖို့ ကြိုးစားကြည့်ပါ
*****************************
ဒီစကားလုံးဟာ အားလျှော့ခိုင်းတာနဲ့ မတူပါဘူး ။ အားလျှော့လိုက်တယ်ဆိုတာနဲ့ ဆန့်ကျင်ဘက်ပါ ။ လက်ရှိမှာ လူတွေဟာ ဘာလို့ စိတ်ပူပင် သောက
ရောက်ကြရသလဲဆိုရင် တကယ်တော့ ဆုပ်ကိုင်ထားရတဲ့အရာတွေ အရမ်းများလို့ပါ ။
ဆုပ်ကိုင်ထားတဲ့ အရာတွေဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့တတ်နိုင်တဲ့အရာနဲ့ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာတွေဆိုပြီး နှစ်မျိုး ကွဲပြန်ပါတယ် ။
အိပ်မက်တွေ ၊ အနာဂတ်ရည်မှန်းချက်တွေ ၊ အကြံအစည်တွေ စတဲ့ အရာတွေကိုလည်း ကျွန်တော်တို့ဟာ ဆုပ်ကိုင်ထားရတယ် ။ ဒီအရာတွေကိုတော့ ကျွန်တော်တို့ဟာ ကြိုးစားရင် တတ်နိုင်ပါတယ် ၊ စွမ်းနိုင်ပါတယ် ။ ဒါပေမဲ့ လောကကြီးဆီက တရားမျှတမှုကို
အမြဲလိုချင်တောင့်တနေမယ်ဆိုရင်တော့ ကျွန်တော်တို့ ပူလောင်ရုံပဲ ရှိပါမယ် ။ ကျွန်တော်တို့ တတ်နိုင်တာက ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ရလာမဲ့ ရလဒ်ကလည်း ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲနည်းနည်း ဒီအရာကို လက်ခံလိုက်ဖို့ပါပဲ။ ဥပမာ အသက်ဘယ်လောက်မှာ ကျွန်တော်တို့က ပိုင်ဆိုင်မှုဘယ်လောက် ရှိချင်တယ်လို့ မှန်းထားပေမဲ့၊ ဘယ်ရာထူးရချင်တယ်လို့ မှန်းထားပေမဲ့ တကယ်တမ်းကျ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့တိုင်
အဘက်ဘက်က အခြေအနေတွေနဲ့ ကျွန်တော်တို့ မှန်းသလောက် မရခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲ မဟုတ်လား ။
“ တစ်ခါတလေမှာ ဆုပ်ကိုင်ထားရတာထက် လွှတ်ချပစ်လိုက်ရတာဟာ ပိုပြီး လွယ်ကူပါတယ် ”
ကျွန်တော်တို့ မတတ်နိုင်တဲ့ ၊ မထိန်းချုပ်နိုင်တဲ့ အရာဟာ ကျွန်တော်တို့ ချစ်ရတဲ့လူတွေပါပဲ ။ သူ့ကိုတော့ ငါ အဆုံးရှုံးမခံနိုင်ဘူး ။ သူ့ကိုတော့ မခွဲနိုင်ဘူးလို့ တွေးနေပေမဲ့၊ ငါကတော့ သူ မချစ်ရင် မနေနိုင်ဘူးလို့ ထင်နေပေမဲ့ တကယ်တမ်းကျ ကျွန်တော်တို့က တစ်ပါးသူရဲ့ ခံစားချက်တွေကို ထိန်းချုပ်လို့ မရပါဘူး ။ သိပ်ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းက စိမ်းကားသွားတာ ၊ သိပ်ယုံကြည်ရတဲ့ မိတ်ဆွေက သစ္စာဖောက်သွားတာ ၊ ကိုယ်က သူလိုတဲ့ အချိန် ကူညီခဲ့ပေမဲ့ ကိုယ်လိုတဲ့ အချိန်ကျ သူ မရှိနေတာ စသဖြင့်ပေါ့ ။
“ဘဝဆိုတာ ဆုပ်ကိုင်ထားတဲ့အရာတွေ နည်းလေ ပိုပြီးပေါ့ပါးပျော်ရွှင်ရလေပါပဲ ။
ဆုပ်ကိုင်ထားတဲ့အရာတွေ နည်းတယ်ဆိုတာ စိတ်ပျက်အားလျော့ခြင်း ၊ လျစ်လျူရှုခြင်း မဟုတ်ဘဲ နေရာတိုင်းမှာ ကိုယ်ရသင့်ရထိုက်တာထက်ပိုပြီး မမက်မောတော့တာ ၊ ရလာတဲ့အရာကိုသာ ကျေနပ်စွာ ခံယူလိုက်တာကိုဆိုလိုတာပါ ”
#နေဗလ် #nayvel #ပျော်ရွှင်ခြင်းလမ်းညွှန်

image