“အချို့အတွက်တော့
အချစ်သည် ခြုံလွှာတစ်စလို ပါးလျ
သို့စဉ်လျက် ပိတ်ဆီး
နီးနေလည်း ဝေးသည်သို့
လှမ်းနေလည်း ရောက်နိုင်ခဲဘိခြင်း
လတစ်စင်းနှင့်အပြိုင်”
“မာယာဆိုတာ ကြံစည်အားထုတ်ခြင်းပါပဲ။စည်းကမ်းတွေ စည်းမျဉ်းတွေ ဓလေ့ထုံးတမ်းတွေကို ဖောက်ထွက်ဖို့ မဖြစ်နိုင်တဲ့အခါမျိုးမှာ စိတ်ကူးဉာဏ်ကွန့်မြူးပြီး လိုချင်တာတစ်ခုကို ပုံဖော်ကြိုးစားကြည့်တာ.....အဲ့ဒါ မာယာပါပဲ" တဲ့
ဒီတစ်ပတ်မှာ မင်မင် review ပေးချင်တဲ့ စာအုပ်လေးကတော့ ဆရာမဂျူး ရေးသားထားတဲ့ သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ ဇာတ်ကောင်လေးတွေအားလုံးဟာ အချစ်ကို စောင့်ဆိုင်းခြင်းဆိုတဲ့ မျက်နှာကြက်တစ်ခုချင်းစီအောက်မှာ တစ်ယောက်ချင်းစီ သီးသန့်ဖြစ်တည်နေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ အချစ်နဲ့ပတ်သက်ပြီး ပါဝင်တဲ့ဇာတ်ကောင်းတစ်ယောက်ချင်းစီအလိုက် အမျိုးမျိုးသော စိတ်ခံစားချက်တွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
ဒါ့အပြင်က မင်မင် သဘောအကျဆုံးကတော့ ရက်ကန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို သေသေချာချာလေး သိခွင့်ရတာပဲ ဖြစ်ပါတယ်။သဘာဝဆိုးဆေးအကြောင်းလေးတွေကိုရောပေါ့။
ပြီးတော့ ကျေးလက်ဒေသရဲ့ အငွေ့အသက်လေးတွေကိုလည်းခံစားရစေပါတယ်။ခေတ်သုံးခေတ်ကိုရေးဖွဲ့ထားတာဖြစ်ပေမယ့် သူ့ခေတ်နဲ့သူ ခေတ်ရဲ့အခြေအနေ ပတ်ဝန်းကျင် သီချင်းလေးကအစ အသေးစိတ် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
မင်မင်တို့အသုံးပြုနေကြတဲ့ Applicationတွေကအစ ပါဝင်နေတာကြောင့် မင်မင်ကတော့ ခြုံထည်ကို လက်တွေ့ရှာဖွေလိုက်ပါသေးတယ်။
ဒီစာအုပ်လေးက ထွက်ထားတာ ကြာပြီဖြစ်တာကြောင့် အားလုံးဖတ်ပြီးလောက်ပြီလို့တော့ ထင်ပါတယ်။အကယ်၍မဖတ်ရသေးရင်လည်း အရမ်းကောင်းတဲ့စာအုပ်လေးဖြစ်တာကြောင့် ဖတ်ကြည့်စေချင်ပါတယ်ရှင့်။
#ဂျူး #သက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာ
