" ငွေတိုးချေးစားသော သူတော်ကောင်း"
လွန်ခဲ့သော နှစ်ပေါင်းအတော်ကြာလောက်က မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီးတစ်ယောက် ပေါ်ထွက်ခဲ့ဖူးပါတယ် ။
သူ့ကို တစ်နယ်လုံးက ကြည်ညိုလေးစားကြတယ်တဲ့ ။ အခုအချိန်ထိအောင် တသသ ပြောနေကြတုန်းပါ ။ ဆရာတော် ပျော်ဘွယ်မြို့ကို တရားတစ်ည သွားဟောတာနဲ့ သိခဲ့ရတာပါ ။
သူက အတိုးကို အနည်းဆုံး ယူတယ် ။ ဥပမာ…တစ်ရာ နှစ်ကျပ်တိုးလောက်ပေါ့…ထူးခြားချက်ကတော့…
ယာတစ်ကွက်ကို ငါးသောင်း နဲ့ အပေါင်ခံထားတယ် ။ အဲဒီလယ်ကို လုပ်စားရင်းနဲ့ အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်း ပြန်ပေးလိုက်ပါတယ် ။ လစဉ်ရတဲ့ အတိုးနဲ့တင် ကျေနပ်လိုက်တဲ့သဘောပေါ့…
သူ့ရဲ့ ခြံရှေ့မှာ ဒီလိုလေး စာရေးထားပါတယ် ။ စားရေးအတွက် အခက်အခဲရှိရင်…စပါးတစ်တောင်း နှင့် ဆီတစ်ပုလင်း လူတိုင်း လာယူနိုင်သည်တဲ့ ။ အိမ်ရှေ့မှာလည်း ဆီကို ရာဝင်အိုးကြီးနဲ့ ထည့်ထားပြီး စပါးကိုတော့ အမိုးလုပ်ပြီး ပုံပေးထားတယ် ။
စပါးတို့ ဆီတို့ လာယူတဲ့သူကို သူပြောတဲ့ စကားလေးက…
ကလေးမရေ အပေါ်ယံကြည့်ရင် စပါးတစ်တောင်းနဲ့ ဆီတစ်ပုလင်းရတဲ့ ကလေးမက ဦးကို ကျေးဇူးတင်ရမှာ ။
နက်နက်နဲနဲ တွေးကြည့်ရင် ဦးက ကလေးမကို ကျေးဇူးတင်ရမှာပါ။
ဘာကြောင့်လည်းဆိုတော့ ကလေးမက စပါးတစ်တောင်း ဆီတစ်ပုလင်းနဲ့ပြီးသွားပေမယ့် ဦးကတော့ ဘဝပေါင်းတစ်သိန်း စပါးတင်းပေါင်းများစွာ ၊ ဆီပုလင်းပေါင်းများစွာ ပြန်ရမှာမို့ပါ ။
ပညာမဲ့အမြင်နဲ့ကြည့်ရင် ယူသူက ရသွားတာပါ ။ ပညာရှိအမြင်နဲ့ကြည့်တော့ ပေးသူက ရတာပါ ။ ဒါကြောင့်…
ပညာမဲ့က ယူရတာကို ပျော်ပေမယ့် ပညာရှိက လှူရတာကို ပျော်တာပါ ။
ဘာသာခြားတစ်ဦးက…ဘုရားရှင်ကို မေးဘူးတယ် ။
လူတိုင်း ချမ်းသာချင်ကြတယ် ။ ဒါကြောင့် ချမ်းသာအောင်လည်း နည်းမျိုးစုံနဲ့ ကြိုးစားနေကြတယ် ။ ဒါပေမဲ့…
တစ်ရာမှာ တစ်ယောက်လောက်သာ ချမ်းသာပြီး ( ၉၉ )ယောက်က ဘာကြောင့် ဆင်းရဲတာလဲတဲ့ ။
ဘုရားရှင်က ဖြေပေးပါတယ် ။ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ လှူရတာကို ပျော်ခဲ့ကြလို့ ချမ်းသာပြီး ကျန်(၉၉)ယောက်ကတော့ ယူရတာကို ပျော်ခဲ့ကြလို့ ဆင်းရဲတာပါတဲ့ ။
ကလေးမက…ဦး‌လေးကို ချမ်းသာအောင် အကျိုးဆောင်ပြီးပြီ ။ ဦးကလည်း ကလေးမ ချမ်းသာအောင် အကျိုးဆောင်ပါ့မယ် ။ ထမင်းကျက်တာနဲ့ ကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းပါ ။ သံဃာတစ်ပါးကို ဆွမ်းလှူရင် ဘဝကုဋေတစ်သိန်းမကအောင် ချမ်းသာပါတယ် ။
သူတော်ကောင်းဆိုတော့ သေမယ့်နေ့ကို ကြိုသိပါတယ် ။ အသက်လည်း ( ၉ဝ ) ကျော်လောက် နေရတယ်လို့ မှတ်မိနေတယ် ။
သူဟာ သူ့ရဲ့အမျိုးသမီးကို မှာတယ် ။ မနက်ဖြန် ညနေ( ၄ ) နာရီ ငါ ဆုံးမှာ ။ မဆုံးခင် သံဃာတွေ နေ့ဆွမ်းကပ်ပြီး ဓမ္မစင်္ကြာတရားနာချင်တယ် စီစဉ်ပေးပါ တဲ့ ။ ဆွမ်းကပ်တရားနာပြီး ပြောတဲ့အတိုင်း ညနေ( ၄ )နာရီမှာ ဆုံးသွားပါတယ် ။
ဒီထက်အကျယ်ကို သိချင်ရင် ဆရာရေးတဲ့…မေတ္တာဖြင့်
စီးပွားရှာခြင်း စာအုပ်မှာဖတ်ပါ ။
ငွေတိုးချေးစားသူတိုင်း အပြစ်ဖြစ်ပါသလားလို့ မေးလာလို့ ဒီပို့စ်ကို တင်ပေးတာပါ ။
ကိုယ်အတိုးရ ပြီးရောဆိုပြီး တစ်ရာ( ၂ဝ )တိုး ( ၃ဝ )တိုးလောက်ထိ ယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့ သူတွေကတော့ အပြစ်ရှိပြီး အပါယ်ကျနိုင်တာပေါ့ ။
ဦးကျောက်ခဲလို တစ်ဖက်လူ အဆင်ပြေဖို့ ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုသိုလ်တောင် ရပါသေးတယ် ။
ဆရာ့ရဲ့ အခုအဆုံးအမအတိုင်းလုပ်လို့ အတိုးလုပ်ငန်း လုပ်ရင်း ကြီးပွားသွားတဲ့ သာကေတ က လင်မယားနှစ်ယောက်အကြောင်းကိုတော့ ဆရာရေးတဲ့ စာရေးဆရာနှင့် ရင်ပေါင်တန်း၍ စာဖတ်သူများအကြောင်း စာအုပ်မှာ ဖတ်ပါ ။
လူသည် အရိပ်နောက်သို့ လိုက်လျှင် ဘယ်သောအခါမှ မမီ အရိပ်ကား လိုက်လေ ပြေးလေဖြစ်၏ ။ အရိပ်နောက်မလိုက်တော့ဘဲ ကိုယ့်လမ်းကိုယ်သွားလျှင် အရိပ်က နောက်မှ ပြန်လိုက်၏ ။ ထို့အတူ မေတ္တာ ၊ စေတနာ မထားဘဲ ငွေနောက်သို့ တရကြမ်းလိုက်ကာ စီးပွားရှာလျှင် ဘယ်သောအခါမျှ မအောင်မြင် ၊ ငွေနောက်မလိုက်ဘဲ မေတ္တာ စေတနာနောက်လိုက်ကာ အလုပ်ကို အာရုံစိုက် ကြိုးစားလျှင် ငွေက နောက်မှ တကောက်ကောက် ပြန်လိုက်၏ ။
#မေတ္တာဖြင့်စီးပွားရှာခြင်း
#မေတ္တာရှင်(ရွှေပြည်သာ)

image