လည်ကြတယ် လှည့်ကြတယ်
ကမ္ဘာမြေကြီးဟာ သူကိုယ်တိုင် တနာရီမိုင်တထောင်နှုန်း ဝင်ရိုးဗဟိုပြုလည်နေရင်း နေကို တနာရီ မိုင်ပေါင်း ခြောက်သောင်း ခုနှစ်ထောင်နှုန်းနဲ့ လှည့်ပတ်နေတယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီမှာတင် မရပ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းကြီး တခုလုံးဟာ တနာရီ မိုင်ပေါင်း ၅ သိန်း ၁ သောင်း ၄ ထောင် နှုန်း ( အလင်းအလျင်ရဲ့ အပုံ ထောင့်သုံးရာပုံ တပုံ နှုန်းနဲ့) Milky Way ဂလက်ဆီထဲမှာ သွားလာ လှုပ်ရှားနေကြပါတယ်။ ဒါတောင်မှ ကျွန်တော်တို့ ဘာမှ မခံစားရတာဟာ ဘာလို့များပါလိမ့်။ အားလုံးအတူ တူညီတဲ့နှုန်းနဲ့ ရွေ့နေကြလို့ပဲ ဖြစ်ပါတယ်။
ဒီလိုလည်နေကြတဲ့ အကြောင်းကတော့ ကျွန်တော်တို့ ဂလက်ဆီကြီး တခုလုံးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ “ဆခီတေးရီးရပ်စ် - A* “လို့ခေါ်တဲ့ မဟာတွင်းနက်ကြီးရဲ့ ဆွဲငင်အားကြောင့်ပါ။
နေအဖွဲ့အစည်းတခုလုံးဟာ ဒီမဟာတွင်းနက်ကြီး ကို ပတ်လမ်းကြောင်း တပတ်ပြည့်ဖို့ နှစ်သန်းပေါင်း ၂၃၀လောက် လိုပါတယ်တဲ့။ ကမ္ဘာတနှစ်ပြည့်ဖို့ ကြာတဲ့ ၃၆၅ ရက် (+++) ကို Earth Year လို့ခေါ်သလိုပါပဲ။ ဂလက်ဆီကြီးရဲ့ ဗဟိုကို နေအဖွဲ့အစည်းက တပတ်ပြည့်အောင် ပတ်ဖို့ ကြာတဲ့ အဲ့ဒီအချိန်ကို Galactic year လို့ ခေါ်ပါမယ်။ အဲ့ဒီအကြောင်းအရာတွေကြောင့်ပဲ ကမ္ဘာကိုယ်တိုင်ဟာ ဝင်ရိုးဗဟိုပြုလည်ရင်း နေကိုလှည့်ရင်း တခြားဂြိုဟ်တွေနဲ့အတူ ခရီးသွားနေတာဖြစ်ပါတယ်။
ဒါဖြင့် Milky Way ဂလက်ဆီကြီးကရော ဒီတိုင်းနေလားဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ အန်ဒရိုမီဒါ ဂလက်ဆီကို တွေ့ဖို့ တနာရီ မိုင် ၂သိန်းခွဲနှုန်းနဲ့ အရှိန်ပြင်းပြင်း နှင်နေတာပါ။ သူတို့နှစ်ခု တွေ့ကြရင်ဖြစ်လာမယ့် ဂလက်ဆီနာမည်ကိုတောင် လူသားတွေက ပေးနှင့်ပြီးပါပြီ။ “Milkdromeda” ပါတဲ့။
ကမ္ဘာပေါ်မှာ ငြိမ်နေတယ် ထင်ကြရပေမဲ့ ကျွန်တော်တို့ဟာ စကြဝဠာထဲမှာ အတော်ကိုမြန်တဲ့ အရှိန်နဲ့ လည်နေ လှည့်နေကြတဲ့ ဂြိုဟ်တွေကြားထဲ ခရီးသွားနေကြတဲ့ ခရီးသွားတွေ ဖြစ်နေပါတော့တယ်။

image