#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်အတွင်းရှိနေရာအချို့ကို အမည်များ တရုတ်သတ်မှတ်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အရူနာချယ်လ် ပြည်နယ်တွင်းရှိ နေရာ အချို့အား တရုတ်နိုင်ငံက အမည်များပြောင်းလဲထားမှုကို အိန္ဒိယနိုင်ငံက ပယ်ချလိုက်ကြောင်း မေ ၁၄ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာဒေသပြည်နယ်တစ်ခုဖြစ်သော အရူနာချယ်လ် ပရာဒေ့ရှ်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသော ပြည်နယ်ဖြစ်သည်။
အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်ကို တရုတ်နိုင်ငံ တိဗက်တောင်ပိုင်း၏ အစိတ်အပိုင်းအဖြစ် တရုတ်အစိုးရတာဝန်ရှိသူများက ပြောကြားထားရာ အိန္ဒိယနိုင်ငံကလည်း အထက်ပါရပ်တည်ချက်ကို အကြိမ်ကြိမ်ပယ်ချခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်တွင်းရှိ နေရာအချို့ကိုအမည်နာမများ သတ်မှတ်ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၄ ရက်တွင် ပြောကြားထားသည်။
သို့ရာတွင် အမည်များဖန်တီးသတ်မှတ်မှုကြောင့် လက်တွေ့အရှိတရားပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း၊ အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်သည် အိန္ဒိယနိုင်ငံမှခွဲမရနိုင်သည့် နယ်မြေဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်ဧပြီလကလည်း တရုတ်နိုင်ငံသည် အရူနာချယ်လ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိနေရာပေါင်း ၃ဝ ကို အမည်များ သတ်မှတ်ခဲ့သည်။
ရိုက်တာ
