𝗧𝗵𝗲 𝗧𝗿𝘂𝗺𝗮𝗻 𝗦𝗵𝗼𝘄 (𝟭𝟵𝟵𝟴)- အတုအယောင်ကမ္ဘာထဲမှ
ဒီနေ့ MaMa from Datshinကနေ ပြောပြပေးသွားမယ့် ရုပ်ရှင်ကတော့ Jim Carrey ရဲ့ အကောင်းဆုံးကားဖြစ်ပြီး ကြည့်ရှုသူတွေကို အတွေးပေါင်းများစွာရရှိသွားစေမဲ့ The Truman Show (1998) ဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ Jim Carreyက Truman Burbankအဖြစ်ပါဝင်ထားပါဝင်ထားပြီး သူ့ရဲ့ဘဝကို ပြန်လည်ရှာဖွေရမဲ့သူအဖြစ်သရုပ်ဆောင်ထားပါတယ်။
Seahaven ဆိုတဲ့ သာယာအေးချမ်းတဲ့မြို့လေးမှာ Trumanဟာ အာမခံကုမ္ပဏီဝန်ထမ်းအဖြစ် ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဇနီးဖြစ်သူနဲ့ နှစ်ကိုယ်တူနေကြတာဖြစ်ပြီးတော့ အေးချမ်းပြီးအပူပင်ကင်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ တကယ်တော့ သူ့မိသားစု, သူငယ်ချင်တွေအပါအဝင် ပါတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးဟာ ရိုက်ကွင်းတစ်ခုတည်းက သရုပ်ဆောင်တွေဖြစ်နေပြီးတော့ သူ့ဘဝဟာ တီဗီစီရီး တစ်ခုအဖြစ် ရိုက်ကူးပြီး တစ်ကမ္ဘာလုံးမှာ ထုတ်လွှင့်ပြသနေတယ်ဆိုတာကို Trumanတစ်ယောက်မသိခဲ့ပါဘူး။သူ့ရဲ့ဘဝတစ်ခုလုံး မွေးလာချိန်ကနေ အခုအချိန်အထိ အထူးတည်ဆောက်ထားတဲ့ ရိုက်ကွင်းမြို့ကြီးမှာ ရှင်သန်နေထိုင်ခဲ့ရပါတယ်။ ဒီလိုရိုက်ကွင်းထဲမှာ နေထိုင်ရတယ်ဆိုတာကို Trumanမသိအောင် စီစဉ်တဲ့ဒါရိုက်တာဟာလဲ အသေးစိတ်ကအစ စီစဉ်ထားခဲ့ပါတယ်။
သံသယနဲ့ အမှန်တရား
တစ်နေ့မှာ Trumanအလုပ်သွားဖို့ ကားဆီကိုလာချိန်မှာ ကောင်းကင်ပေါ်က Stage Light တစ်ခု အိမ်ရှေ့ကိုကျလာတာ တွေ့လိုက်ပါတယ်။ ဒါဟာသိပ်ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်ပေမဲ့ သူ့ရဲ့နေ့စဉ်တာဝန်အတိုင်း အလုပ်ကိုထွက်လာခဲ့ပါတယ်။လမ်းမှာ ကားရဲ့ရေဒီယိုကနေ မြို့ပေါ်ဖြတ်သွားတဲ့လေယာဉ်ကနေ အစိတ်အပိုင်းတချို့ပြုတ်ကျတယ်လို့ သတင်းကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှ ဖြစ်သွားတဲ့အဖြစ်အပျက် သတင်းဌာနရောက်သွားတာ သိပ်မြန်လွန်းနေတာပေါ့။ ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီး ငါတို့ရော အခုလိုပဲ မီဒီယာထိန်းချုပ်မှုအောက်မှာ ရှိနေသလားလို့ အတွေးဝင်သွားစေပါတယ်။ နောက်ထပ်ဇာတ်ဝင်ခန်းမှာတော့ သူ့ဘဝရဲ့ကြီးမားတဲ့ အခက်အခဲတစ်ခုကိုရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ဒါကတော့ အလုပ်ကိစ္စနဲ့ ပင်လယ်ကိုဖြတ်ပြီး ကျွန်းတစ်ခုပေါ်ကိုသွားရမှာပါ။Trumanက ပင်လယ်ပြင်ကိုသွားဖို့ကြောက်ပါတယ်။ တကယ်တော့ ဒီအလုပ်ကိစ္စဆိုတာကလဲ Trumanဟာ ပင်လယ်ကိုခရီးထွက်ဖို့ ကြောက်သေးရဲ့လားဆိုတာ သိရအောင် စမ်းသပ်တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Trumanဟာ ဖီဂျီကို သွားချင်တဲ့စိတ်ရှိနေတာကြောင့်ပါ။ သူဒီမြို့လေးကနေ ဘယ်ကိုမှထွက်မသွားအောင် ပါတ်ဝန်းကျင်ကနေ အမျိုးမျိုးမသိမသာနဲ့ ဖိအားပေးနေတာပဲဖြစ်ပါတယ်။Trumanအနေနဲ့ ပင်လယ်ခရီးကို ကြောက်ရတာဟာလဲ အကြောင်းရှိပါတယ်။သူငယ်စဉ်ဘဝမှာ အဖေနဲ့ ပင်လယ်ထဲလှေနဲ့သွားနေတုန်း ရုတ်တရက်မုန်တိုင်းဖြစ်ပြီး သူ့အဖေဟာ သေဆုံးသွားရတာကြောင့်ဖြစ်ပါတယ်။ ဒါဟာလဲ ဒါရိုက်တာက သူ့ကိုထွက်မသွားတာ သေချာစေဖို့ စိတ်ဒဏ်ရာရအောင် သေချာစီစဉ်ထားတာဖြစ်ပါတယ်။
တစ်နေ့မှာတော့ အလုပ်သွားတဲ့လမ်းပေါ်မှာ ငယ်စဉ်က သေဆုံးသွားတယ်လို့ သူထင်ခဲ့တဲ့ အဖေဖြစ်သူကို ပြန်တွေ့လိုက်ရပါတယ်။အဖေလို့ခေါ်လိုက်ချိန်မှာပဲ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိပဲ လူတွေတွန်းထိုးလာပြီး သူ့အဖေကိုလဲ ဖမ်းခေါ်သွားကြပါတယ်။ဒါကိုအမေဖြစ်သူကိုသွားပြောပြပေမဲ့ အထူးအဆန်းမဟုတ်သလို ပြောပြန်ပါတယ်။ဒီလိုနဲ့ပဲ အတိတ်က Trumanချစ်ခဲ့ဖူးတဲ့ မိန်းခလေးတစ်ယောက်ကို မိတ်ဆက်ပေးပါတော့တယ်။
𝗦𝘆𝗹𝘃𝗶𝗮
သူမဟာ Trumanရဲ့ ဘဝရုပ်ရှင်မှာ ဇာတ်ရံဖြတ်လျောက်သဘောသာ ပါလာခဲ့ရာကနေ Trumanရဲ့ စိတ်ဝင်စားမှုခံရပြီး Trumanကို အမှန်တကယ်ချစ်တဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူမဟာ Trumanကို ဒီလောကထဲကနေ လွတ်မြောက်စေချင်ပြီး ဒါကိုပြောပြဖို့လဲ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ show runnerတွေရဲ့ နှောက်ယှက်မှုတွေကြောင့် မအောင်မြင်ခဲ့ပဲ ရိုက်ကွင်းကနေပါ ထုတ်ခံလိုက်ရပြီး Sylviaနဲ့ Trumanတို့ပါတ်သတ်မှုက ပြီးဆုံးခဲ့ရပါတယ်။
တစ်ရက်မှာ အလုပ်ကိုကားမောင်းပြီးလာနေတုန်း ရေဒီယိုကနေပုံမှန်မဟုတ်တဲ့ စကားသံတွေကြားလိုက်ရပါတယ်။ဒါကိုရေဒီယိုလိုင်းပူးတယ်ထင်လို့ ပြောင်းဖို့ကြိုးစားနေပြီး အဲ့ဒီအသံတွေဟာ သူသွားနေတဲ့လမ်းကြောင်းကို ပြောနေတာဖြစ်ကြောင်းသိသွားရတော့ အံ့ဩသွားပါတယ်။သိပ်မကြာခင်မှာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပြီး Trumanလဲ ကားရပ်ခဲ့ကာ လမ်းလျှောက်သွားပါတော့တယ်။
ဒီမျိုးထူးဆန်းတဲ့အဖြစ်အပျက်တွေကြောင့်, Trumanဟာ သံသယဝင်လာပြီးနောက် သူ့ဘဝဟာ တီဗီစီရီးတစ်ခုလို ထိန်းချုပ်ပြသခံနေရတယ်ဆိုတာ တဖြေးဖြေးသိလာပါတော့တယ်။
𝗖𝗵𝗿𝗶𝘀𝘁𝗼𝗳
Seahaven မြို့ကို ဖန်တီးထားသူ Christof ဟာ Trumanရဲ့ဘဝကို မွေးဖွားစဉ်တည်းက ဒီရိုက်ကွင်း ဒီမြို့ထဲကနေ ထွက်ခွာလို့မရနိုင်အောင် အမျိုးမျိုးကြံစည်ပြီး ထိန်းချုပ်နေပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ တစ်စုံတစ်ယောက်ကို လိမ်ညာဖို့ လူတွေအများကြီးငှားရမ်းထားတာပါပဲ။ ဒီလိုအလိမ်အညာတွေ ပိတ်မိနေတဲ့လူတစ်ယောက်ကိုရော ဘာ့ကြောင့်လူတွေက စိတ်ဝင်စား စောင့်ကြည့်နေကြတာပါလဲ။
Trumanရဲ့ရွေးချယ်မှု
သူ့ဘဝဖြစ်ကြောင်းကုန်စင်သိပြီး ရုပ်ရှင်နောက်ဆုံးအပိုင်းမှာတော့ Trumanဟာ ဒီနေရာကနေထွက်သွားဖို့ ဘယ်သူ့ကိုမှ ယုံလို့မရတော့တာရယ် ၊ သူကိုယ်တိုင် သူ့အကြောက်တရားကို ရင်ဆိုင်ရမယ်ဆိုတာကို သိလာပါတယ်။ ဒါ့ကြောင့်ပဲ စိတ်ဆုံးဖြတ်ပြီး ပင်လယ်ပြင်ကို ခရီးထွက်လာခဲ့ပါတော့တယ်။ ဒါကိုသိသွားတဲ့Christofကတော့ နည်းမျိုးစုံနဲ့ တားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လဲ Trumanရဲ့ဆုံးဖြတ်ချက်လုံးဝမပြင်ခဲ့တာကြောင့် ကောင်းကင်ကြီးရဲ့အဆုံးသတ် နံရံကြီးကို တွေ့လိုက်ရပါတော့တယ်။ဒီလိုနဲ့ ထွက်သွားလုဆဲဆဲမှာ Trumanကို တစ်ခုခုပြောခိုင်းရာမှာ သူ့ရဲ့လက်သုံးစကားဖြစ်တဲ့ " In case I don't see ya,good afternoon,good evening and good night " လို့ပြောကာ အားလုံးကို နှုတ်ဆက်ပြီး ပြင်ပကမ္ဘာကို ထွက်သွားပါတော့တယ်။
The Truman Show ရုပ်ရှင်ဟာ,တကိုယ်ရေ လွတ်လပ်မှုအတွက် ကြိုးစားမှုတွေ, မီဒီယာထိန်းချုပ်မှုတွေကို မြင်သာအောင်ပြသထားပါတယ်။ စာဖတ်သူတွေအနေနဲ့လဲ အရာရာကို အဘက်ဘက်က စဉ်းစားဆင်ခြင်ပြီးမှ ယုံကြည်ဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေရော The Truman Showရုပ်ရှင်ကို ကြည့်ဖူးပါသလား။ကြည့်ဖူးရင် ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။
