17 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနောက်ဘက်ဒေသ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ပစ်ကပ်ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်သူများရှိကြောင်း မေ ၁၄ ရက်တွင် ဒေသခံ များ၏ သတင်းပေးချက်အရ ကန်ချနဘူရီခရိုင် ထောင်ဖာဖွန်မြို့နယ် ထားနွန်ကျေးရွာ လမ်းလေးဆုံတွင် Isuzu D-Max ခဲရောင် အလုံပိတ် ပစ်ကပ်ကားတစ်စီးကို ဆူရစီတပ်မ(၉) တပ်ရင်းက တားဆီးစစ်ဆေးခဲ့သည်။
ကားပေါ်တွင် အသက် (၄၇) နှစ်အရွယ် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦး၊ ကားနောက်တွင် အထောက်အထားမဲ့လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးကိုဖမ်းဆီးရမိကြောင်း ဆူရစီတပ်မ (၉) တပ်ရင်း ဗိုလ်ချုပ် အသဒ္ဓါဝုပယာရချွန်းက ပြောသည်။
ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်းမှ ထွက်ခွာလာသူများဖြစ်ပြီး ထိုင်းနယ်စပ်သို့ တောလမ်းကြောင်းမှတစ်ဆင့်ခိုးဝင်ကာ ထောင်ဖာဖွန်မြို့နယ် ခနွန်ခလီရွာတွင် သွားရောက်ခေါ်ဆောင်ပြီး ချွန်ဘူရီခရိုင်သို့ ပို့ဆောင်စဉ်လမ်းခရီး၌ဖမ်းဆီးခြင်းခံရကြောင်း မစ္စတာဆမန်ဟု အမည်ပေးထားသည့်ယာဉ်မောင်းက ဝန်ခံထွက်ဆိုခဲ့သည်။
ကားမောင်းသူနှင့် ခရီးသည်တစ်ဦး အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးကို ထောင်ဖာဖွန်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းထားကာ ဥပဒေအရအရေးယူခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးသည် စာရွက်စာတမ်း အထောက်အထားများ မပါဘဲ ရန်ကုန်မှချွန်ဘူရီခရိုင်သို့ ပို့ဆောင် ရန် ပွဲစားခတစ်ဦးလျှင် ဘတ်ငွေ ၂၅ဝဝဝ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

image