"God particle" ဆိုတဲ့နာမည်ဟာ ၁၉၉၃ ခုနှစ်က ရူပဗေဒပညာရှင် Leon Lederman ရဲ့ "The God Particle: If the Universe Is the Answer, What Is the Question?" ဆိုတဲ့ စာအုပ်ကိုထုတ်ဝေရာကနေ စတာပါ။
သူက Higgs boson ကို ရှာဖွေရတာ အရမ်းခက်ခဲပြီး နားလည်ဖို့ ရှုပ်ထွေးတဲ့အတွက် သာမန်လူတွေနားလည်ရလွယ်အောင် စာအုပ်နာမည်ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် "The Goddamn Particle" (ရှာရလွန်းလို့ ကသိကအောက်ဖြစ်ရတဲ့ အမှုန်) လို့ အစက ခေါ်ချင်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ သူ့ရဲ့ စာအုပ်ထုတ်ဝေသူက လူစိတ်ဝင်စားမှုများအောင် နဲ့ Damn ဆိုတဲ့ စကားလုံးက အဆဲသဘောမျိူးပါနေတာမို့ "Goddamn" နေရာက Damn ကိုဖြုတ်ပြီး "God Particle" လို့ ပြောင်းလိုက်တာဖြစ်ပါတယ်။
ဒီနာမည်ဟာ သိပ္ပံအသိုင်းအဝိုင်းမှာ တရားဝင်နာမည် မဟုတ်သလို၊ Higgs boson က ဘုရားသခင်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းလည်း မရှိပါဘူး။သမ္မာကျမ်းစာထဲမှာလည်း God particle ဆိုတဲ့စကားလုံးတစ်လုံးတောင်မပါပါဘူး။
ဒီနာမည်ကြောင့် လူအများ စိတ်ဝင်စားမှု ပိုရှိလာပေမယ့် တချို့ သိပ္ပံပညာရှင်တွေကတော့ ဒီနာမည်ကို သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ သူက ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ သိပ္ပံအကြောင်းအရာတစ်ခုကို မှားယွင်းတဲ့အမြင် ဖြစ်စေနိုင်လို့ပါ။
Higgs Boson ဆိုတာ ဘာလဲ?
Higgs boson ဆိုတာ Particle physics ရဲ့ Standard Model မှာ ပါဝင်တဲ့ အခြေခံအမှုန်တစ်မျိုး ဖြစ်ပါတယ်။
သူ့ရဲ့ အဓိက အခန်းကဏ္ဍကတော့ တခြား အခြေခံအမှုန် (ဥပမာ - electron, quark) တွေ ဘာကြောင့် ဒြပ်ထု (mass) ရှိနေကြလဲဆိုတာကို ရှင်းပြဖို့ ဖြစ်ပါတယ်။
စကြဝဠာကြီး ဖြစ်ပေါ်လာပြီး မကြာခင်မှာ အမှုန်တွေဟာ ဒြပ်ထုမရှိသေးပါဘူး။ Higgs နယ်ပယ် (Higgs field) ဆိုတဲ့ နယ်ပယ်တစ်ခုဟာ စကြဝဠာအနှံ့ ပြန့်နှံ့ တည်ရှိနေပါတယ်။ ဒီနယ်ပယ်ကို ဖြတ်သန်းသွားတဲ့ အမှုန်တွေဟာ ဒီနယ်ပယ်နဲ့ ထိကပ်ဆက်နွယ်မှု (interact) လုပ်ကြပါတယ်။ ထိကပ်မှု အား ကောင်းတဲ့ အမှုန်တွေက ဒြပ်ထု ပိုများပြီး၊ ထိကပ်မှုအား နည်းတဲ့ အမှုန်တွေက ဒြပ်ထု ပိုနည်းပါတယ်။
Higgs boson ဆိုတာကတော့ ဒီ Higgs နယ်ပယ်နဲ့ သက်ဆိုင်တဲ့ အမှုန်တစ်ခု ဖြစ်ပါတယ်။ ရေထဲမှာ လှုပ်ရှားသွားလာတဲ့ အရာဝတ္ထုတစ်ခုက ရေရဲ့သက်ရောက်မှုဒဏ်ကို ခံရသလိုမျိုး၊ အမှုန်တွေဟာ Higgs field ထဲကိုဖြတ်သန်းသွားတဲ့အခါ ထိကပ်ခံရတာဟာ သူတို့ ဒြပ်ထုရရှိခြင်းရဲ့ အကြောင်းရင်းပါ။
Photon တွေကတော့ higg field နဲ့ interact မလုပ်လို့သူတို့မှာMass (ဒြပ်ထု) မရှိပါဘူး ။
၁၉၆၄ ခုနှစ်မှာ ရူပဗေဒပညာရှင် ၆ ဦးပါဝင်တဲ့ အဖွဲ့ ၃ ဖွဲ့က Higgs boson အမှုန်ရဲ့ ကနဦးသီအိုရီကို သီးခြားစီ အဆိုပြုခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာ ဗြိတိသျှ ရူပဗေဒပညာရှင် Peter Higgs လည်း ပါဝင်ပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအမှုန်ကို Higgs boson လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီသီအိုရီ ပေါ်ပေါက်လာပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကြာအောင် Higgs boson ကို လက်တွေ့ စမ်းသပ်ခန်းတွေမှာ ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ Higgs boson ဟာ တည်ရှိချိန် အလွန်တိုတောင်းပြီး ထုတ်လုပ်ဖို့အတွက်လည်း စွမ်းအင်အများကြီး လိုအပ်တာကြောင့် ရှာဖွေရတာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အနီးရှိ ဥရောပ နျူကလီးယား သုတေသနအဖွဲ့ (CERN) က တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အမှုန်တွန်းစက်ကြီးဖြစ်တဲ့ Large Hadron Collider (LHC) စတင်အသုံးပြုနိုင်ခဲ့ပြီးနောက်ပိုင်း Higgs boson ကို ရှာဖွေမှုဟာ အရင်ကထက် အရှိန်အဟုန် မြင့်မားလာခဲ့ပါတယ်။
LHC ဟာ ပရိုတွန်အမှုန်တွေကို အလင်းအလျင်နီးပါးအထိ အရှိန်မြှင့်တင်ပြီး မျက်နှာချင်းဆိုင် တိုက်မိစေခြင်းအားဖြင့် စွမ်းအင်အမြောက်အများ ထုတ်လွှတ်ကာ စကြဝဠာအစောပိုင်းကာလက အခြေအနေတွေကို ဖန်တီးပြီး Higgs boson လိုမျိုး ရှားပါးအမှုန်တွေကို ထုတ်လုပ်ကာ လေ့လာခဲ့ပါတယ်။
နှစ်ပေါင်းများစွာ စမ်းသပ်ရှာဖွေမှုတွေ ပြုလုပ်ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ CERN ကနေ ၁၉၆၄ ခုနှစ်က Higgs boson သီအိုရီနဲ့ ကိုက်ညီတဲ့ အမှုန်တစ်မျိုးကို LHC မှာရှိတဲ့ ATLAS နဲ့ CMS ဆိုတဲ့ ဓာတ်ခွဲခန်းကြီး ၂ ခုကနေ သီးခြားစီ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့ပါတယ်။
ဒီတွေ့ရှိမှုဟာ ရူပဗေဒလောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီး Standard Model ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ နောက်ပိုင်း အချက်အလက်တွေနဲ့ ထပ်မံအတည်ပြုပြီး ၂၀၁၃ ခုနှစ်မှာတော့ ဒီတွေ့ရှိမှုဟာ Higgs boson ဖြစ်ကြောင်း တရားဝင် ကြေညာနိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုအတွက် Higgs boson ရဲ့ တည်ရှိမှုကို အဆိုပြုခဲ့တဲ့ ရူပဗေဒပညာရှင် Peter Higgs နဲ့ François Englert တို့ ၂၀၁၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ကြပါတယ်။
အတိုချုပ်ပြောရရင် "God particle" ဆိုတဲ့ နာမည်ဟာ လူသိများအောင် စာအုပ်ထုတ်ဝေသူတစ်ယောက်က ပေးထားတဲ့ နာမည်ပြောင်တစ်ခုသာ ဖြစ်ပြီး Higgs boson ရဲ့ သိပ္ပံနည်းကျ အနှစ်သာရကတော့ အမှုန်တွေကို ဒြပ်ထု ပေးအပ်တဲ့ Higgs နယ်ပယ်နဲ့ သက်ဆိုင်တဲ့ အခြေခံအမှုန်တစ်ခုသာ ဖြစ်ပါတယ်။

image