7 w - Translate

လှိုင်းဘွဲ့မြို့နယ် တိုက်ပွဲကြောင့် တာလယ်ကျေးရွာ ဒေသခံတွေ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်
မေ ၁၃ - ၂၀၂၅
SS (VOM)
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
လှိုင်းဘွဲ့မြို့နယ်၊ ဒေါနတောင်တန်း (အရှေ့ခြမ်း)၊ နော်တရာ တောင်ခြေမှာရှိတဲ့ တာလယ်ဗျူဟာစခန်းကို ရရှိဖို့ KNLA က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စခန်း မကျဖို့ နစကတပ်က လေကြောင်းပစ်ကူတွေ သုံးပြီး ခုခံနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့အတူ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် တာလယ်ကျေးရွာ ဒေသခံတွေဟာ ရွာလုံးကျွတ် နီးပါး ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကစပြီး KNLA တပ်မဟာ (၇) ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တာလယ်ဗျူဟာစခန်းကို ရဖို့ ထိုးစစ်ဆင်လာတာပေါ့။ သူတို့ဘက်ကစပြီး ဒရုန်းတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်လာတော့ နစကဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဆက်တိုက် ပြန်ခုခံနေတယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ တာလယ် ရွာခံတွေ ဘယ်သူမှ ရွာထဲမနေရဲကြတော့ဘူး။ အကုန်လုံးနီးပါး ထိုင်းဘက် ရှောင်ကုန်ကြတယ်။ ခန့်မှန်းခြေ စစ်ရှောင် ၃၀၀ ကျော်လောက် ရှိမယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
KNLA တပ်မဟာ (၇) ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကစပြီး လှိုင်းဘွဲ့မြို့နယ်၊ မယ်လကျေးရွာအနီးရှိ နစကတပ်ရဲ့ တခေါဘီခွီး စခန်းကုန်းကို တိုက်ခိုက် သိမ်းယူခဲ့ပြီးတဲ့နောက် တဆက်တည်း တာလယ်ကျေးရွာက တာလယ်ဗျူဟာစခန်းကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နယ်မြေ သတ်မှတ်ချက်အရ တာလယ်ကျေးရွာက တပ်မ ဟာ (၇) နယ်မြေ၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်ထဲမှာ တည်ရှိတာ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အဲဒီ တာလယ်ရွာထဲမှာ နစကတပ်က တာလယ်ဗျူဟာ စခန်းကြီးကို ခြေကုပ်ယူပြီး တပ်စွဲထားတာ။ အခု အဲဒီစခန်းကို KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာပေါ့။ လတ်တလော အခြေအနေအရ နစကဘက်က မြေပြင် စစ်ကူပေးနိုင်တဲ့ အနေအထား မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် လေကြောင်းကနေပဲ ပစ်ကူပေးနေရတဲ့ အနေအထားပေါ့” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ် ထိုင်း - မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနားမှာ နစကတပ်ရဲ့ လက်ကျန် စခန်းတွေဖြစ်ကြတဲ့ မယ်သဝေါ၊ တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ နော်တရာ စတဲ့ စခန်းတွေ ကျန်နေရှိနေပြီး အဲဒီစခန်းတွေထဲမှာ တာလယ်စခန်းက ဗျူဟာအဆင့်ရှိတဲ့ စခန်းကြီးတခုဖြစ်တယ်လို့ ဆိုပါတယ်။
ဘားအံခရိုင် KNU တပ်မဟာ (၇) ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ နစက တပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းကစပြီး ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီး စခန်းတွေကို သိမ်းယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ထိုင်း - မြန်မာ နယ်စပ်တလျှောက်ရှိ နစကတပ် စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။
လက်ရှိအချိန်မှာ ကရင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတာမှာ ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းမှာလည်း ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ကျုံဒိုးမြို့မှာလည်း တိုက်ပွဲတွေ ရှိနေပြီး ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့ အနားမှာရှိတဲ့ နစကတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းတွေ အပါအဝင် တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ သိရပါတယ်။
လက်ရှိမှာ နစကတပ်တွေဟာ ကျုံဒိုးမြို့ပေါ်သာမက ဘားအံမြို့အနီးအနားက နေရာတွေမှာပါ ခံစစ်ပြင်ဆင်ပြီး စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
အခုလို ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကျုံဒိုး၊ လှိုင်းဘွဲ့ အပါအဝင် ကော့ကရိတ်၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ စတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ တသန်း နှစ်သိန်းလောက်အထိ ရှိလာနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတင် စစ်ရှောင်အရေအတွက် နှစ်ဆလောက် မြင့်တက်လာတာဖြစ်ကာ အဓိက က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ နစကရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားဆီး ပိတ်ဆို့မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် အခက်အခဲများစွာကို ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
Photo - CJ

image