ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ သရဲကားအသစ်
“The Ritual” ဆိုတဲ့ အသစ်ထွက်လာမယ့် သရဲကား ဇာတ်လမ်းအသစ်မှာ Al Pacino နဲ့ Dan Stevens တို့က ဘုန်းကြီး ၂ ဦးအဖြစ် သရုပ်ဆောင်ထားပြီး နတ်ဆိုးပူးကပ်ခံရတဲ့ မိန်းကလေးတစ်ဦးကို ကယ်တင်ရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ဇာတ်ကားဟာ ၁၉၂၀ နှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ Emma Schmidt ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပါတယ်။ သူမရဲ့ နတ်ဆိုးပူးကပ်ခံရမှုဟာ အမေရိကန်သမိုင်းမှာ အသေးစိတ် မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူမရဲ့ ထိတ်လန့်စရာ နတ်ဆိုးဖယ်ရှားပွဲတွေကို တကယ့် လက်တွေ့နဲ့ အနီးစပ်ဆုံးတူအောင်ဖန်တီးထားတယ်လို့ သိရပါတယ်။
Pacino က ခက်ခဲတဲ့ အတိတ်ကို ရင်ဆိုင်နေရတဲ့ Father Theophilus Riesinger အဖြစ် သရုပ်ဆောင်ထားပြီး Stevens ကတော့ သူ့ယုံကြည်ခြင်းကို သံသယဝင်နေတဲ့ Father Joseph Steiger အဖြစ် ပါဝင်ထားပါတယ်။ သူတို့ ၂ ဦးဟာ ဘုရားကျောင်းရဲ့ ခွင့်ပြုချက်နဲ့ အန္တရာယ်များတဲ့ နတ်ဆိုးနှင်တဲ့ ကိစ္စနဲ့ ရင်ဆိုင်ရတာကိုကြည့်ရမှာဖြစ်ပါတယ်။
ရှေ့က အပနှင်တဲ့ဇာတ်လမ်းတွေနဲ့ ဆင်တူတယ်ထင်ရပေမယ့် ဖြစ်ရပ်မှန်ပေါ်အခြေခံထားတာမို့လို့ Teaser ကြည့်ရသလောက် ပိုပြီးကြည့်ရတာ ကြောက်ဖို့ကောင်းမယ်လို့ မျှော်လင့်မိပါတယ်။
ဒီလို အပနှင်တဲ့ ဇာတ်လမ်းတော်တော်များများက ကြောက်ဖို့ကောင်းတာထက် ရွံစရာတွေသာအဓိက ပါဝင်မှာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး ယူကေနဲ့ အိုင်ယာလန်မှာတော့ တစ်ပတ်စောပြီး မေလ ၃၀ ရက်မှာပြသသွားမှာဖြစ်ပါတယ်။
