#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကာတာ၏ ဘိုးအင်း ၇၄၇-၈ လက်ဆောင်ကို လက်ခံရယူရန် ဒေါ်နယ်ထရန့်စီစဉ်ထား
ကာတာစော်ဘွား မိသားစုကလက်ဆောင်အဖြစ် ပေးအပ်မည့် ဘိုး အင်း-၇၄၇-၈ အမျိုးအစား လေယာဉ်သစ်တစ်စင်းကိုလက်ခံရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း မေ ၁၁ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင် အဆိုပါ ဘိုးအင်းလေ ယာဉ်ကို အမေရိကန်သမ္မတများအသုံးပြုသည့် အဲဖို့စ်ဝမ်းသမ္မတစီး လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။
ယင်းလေယာဉ်ကို အဲဖို့စ်ဝမ်းလေယာဉ်အဖြစ် အသုံးပြုပြီးပါက သမ္မတ ဒေါ်နယ်ထရန့်ရာထူးမှ အနားယူပြီးနောက်ပိုင်းတွင် ၎င်း၏ သမ္မတစာကြည့်တိုက်အတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင်ဘိုးအင်းလေယာဉ်သည် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိရာ အမေရိကန်အစိုးရ လက်ခံရရှိခဲ့ဖူးသမျှ လက်ဆောင်များအနက် အဖိုးအထိုက်တန်ဆုံး လက်ဆောင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ယခုသီတင်းပတ်အတွင်း ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ကာတာဘုရင့်မိသားစုကလက်ဆောင်ပေးမည့် ဘိုးအင်း-၇၄၇-၈ လေယာဉ်ကို ကာတာနိုင်ငံ၌ သမ္မတဒေါ်နယ်ထရန့် ရောက်ရှိနေချိန်တွင် လွှဲပြောင်းပေးအပ်ခြင်း၊ လက်ခံရယူခြင်းများ ပြုလုပ်ဦးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူးကို ပထမ အကြိမ်ရယူထားစဉ်ကာလအတွင်း အဲဖို့စ်ဝမ်းလေယာဉ်များအဖြစ် အသုံးပြုမည့်ဘိုးအင်း-၇၄၇-၈ လေယာဉ်သစ်နှစ်စင်း လွှဲပြောင်းပေးအပ်မှုလုပ်ငန်း နှောင့်နှေးကြန့်ကြာမှုအတွက် စိတ်ပျက်ကြောင်း ပြသခဲ့ဖူးသူဖြစ်သည်။
ရိုက်တာ
