7 w - Translate

"နောက် ၁၀ နှစ်ဆို iPhone မလိုတော့ဘူး" - အက်ဒီချူး
တလောက Meta သူဌေး ဇူကာဘတ်က ဖုန်းတွေ ခေတ်နောက်ကျတော့မယ်လို့ ပြောခဲ့ပါတယ်။ အခု သူ့စကားကို Apple Services ပိုင်း အကြီးဆုံးပုဂ္ဂိုလ်က ထောက်ခံလိုက်ပါတယ်။
Google နဲ့ DOJ တရားရေးဌာနရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ သက်သေလိုက်ရင်းနဲ့ ပြောသွားတာပါ။ Apple Services ရဲ့ အကြီးတန်းဒုဥက္ကဌ အက်ဒီချူးပြောသွားတာ တော်တော်စဉ်းစားစရာကောင်းပါတယ်။
"ထူးဆန်းတယ်လို့ ထင်လိမ့်မယ်။ ဒီကနေ နောင် ၁၀ နှစ်ဆို ခင်ဗျား iPhone လိုချင်မှ လိုမှာ။" တဲ့။
Apple ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ iPhone တွေ ပျောက်ကွယ်/လူသုံးနည်းလာနိုင်တဲ့အကြောင်းက AI က ဖုန်းတွေနေရာ အစားထိုးလာနိုင်တာကြောင့်လို့ ပြောပါတယ်။ အင်တာနက်ရှာဖွေရေးနယ်ပယ်မှာလည်း AI က သမရိုးကျ search engine တွေကို အလဲထိုးသွားလိမ့်မယ်လို့ အက်ဒီချူးက ဆိုပါတယ်။
AI search tool တွေ ဖြစ်တဲ့ OpenAI , Anthropic နဲ့ Perplexity တွေကို နောက်ပိုင်း Safari မှာ ထပ်ထည့်ဖို့လည်း Apple က စဉ်းစားနေပါတယ်။ Google နဲ့ အရင်ညှိထားတဲ့ Safari ပေါ်မှာ default ထားခွင့်မရတော့ရင် Apple လည်း တစ်နှစ် ဒေါ်လာဘီလျံ ၂၀ ဆုံးရှုံးရမှာပါ။
ဒါတွေအပြင် iPhone အလွန် ကုမ္ပဏီကို အကြီးအကျယ် ငွေရှာပေးမယ့် game-changer ထုတ်ကုန်တစ်ခုခု ထုတ်ဖို့လည်း Apple က တောက်လျှောက်ကြိုးစားနေတာပါ။ VR headset လို အဆင့်မြင့်ထုတ်ကုန် ထုတ်ခဲ့ပေမယ့် ရောင်းအားမကောင်းခဲ့သလို အဆင့်မြင့် မောင်းသူမဲ့ကားစီမံကိန်းလည်း ပျက်ခဲ့ရပါတယ်။
အခုတော့ iPhone နေရာ အစားထိုးနိုင်ဖို့ AR နည်းပညာမြင့် စမတ်မျက်မှန်လိုမျိုး wearable products တစ်ခုခု ထုတ်နိုင်အောင် ဆက်လုပ်နေတယ်လို့ သတင်းတွေ ကြားနေပါတယ်။
ဇူကာဘတ်ကလည်း ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ စမတ်ဖုန်းတွေ ခေတ်မစားတော့ဘဲ ဉာဏ်ရည်မြင့် စမတ်မျက်မှန်တွေပဲ လူသုံးများလာတော့မယ်လို့ တွက်ထားပါတယ်။

image