#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဗြိတိန်နှင့် အိန္ဒိယတို့ ကုန်သွယ်ရေး သဘောတူညီချက်ရရှိ
ဗြိတိန်နှင့် အိန္ဒိယတို့အကြား သုံးနှစ်ကြာဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် မေ ၆ ရက်တွင်ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယင်းသဘောတူညီချက်တွင် ဗြိတိန်ကုမ္ပဏီများအနေဖြင့် ဝီစကီ၊ ကားနှင့် အခြားထုတ်ကုန်များကို အိန္ဒိယသို့တင်ပို့ရာတွင် ပိုမိုလွယ်ကူချောမွေ့ရန်နှင့် အိန္ဒိယ၏အဝတ်အထည်နှင့် ဖိနပ်များတင်ပို့မှုအပေါ် အခွန်များ လျှော့ချရန်တို့ပါဝင်သည်။
သို့သော်ဗြိတိန်တွင် ပညာသင်ကြားနေသော အိန္ဒိယကျောင်းသားများဆိုင်ရာ မူဝါဒအပါအဝင်လူဝင်မှုကြီးကြပ်ရေးမူဝါဒများ အပြောင်းအလဲမရှိခဲ့ကြောင်း ဗြိတိန်အစိုးရကပြောသည်။
သဘောတူညီချက်သည် နှစ်နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်စတမ်မာက ပြောသည်။
ဗြိတိန်နှင့် အိန္ဒိယတို့အကြား ယမန်နှစ်အတွင်း ကုန်သွယ်မှုသည် ပေါင် ၄၂ ဒသမ ၆ ဘီလီယံရှိခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်အရ ၂ဝ၄ဝ ပြည့်နှစ်အထိတစ်နှစ်လျှင်ပေါင် ၂၅ ဒသမ ၅ ဘီလီယံ ကုန်သွယ်မှုတိုးလာစေမည်ဟု ဗြိတိန်ကခန့်မှန်းထားသည်။
အိန္ဒိယနှင့်ကုန်သွယ်ရေးသဘောတူညီချက်သည် ဗြိတိန်စီးပွားရေးကို ထိခိုက်စေသည်ဟု အတိုက်အခံများကဝေဖန်သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီကမူ ယင်းသဘောတူညီချက်မှာ ရည်မှန်းချက်ကြီးပြီး အပြန်အလှန်အကျိုးရှိစေသည့်သမိုင်းမှတ်တိုင်တစ်ခုဟု ထုတ်ဖော်ပြောဆိုထားသည်။
ဘီဘီစီ

image