ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန် အကြံပြုထား
ရန်ကုန်၊ မေ ၉
ငလျင်ဒဏ်သင့် ဒေသတွေက ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ပြည်တွင်းပြည်ပခရီးသည်တွေက သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေနိုင်တဲ့အပြင် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေ တိုးပွားရရှိစေနိုင်ကာ ဒေသရဲ့ အကျိုးစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်ရာ ဒေသတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိတဲ့ ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်နဲ့ ခရီးသွားဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ ပုံမှန်အတိုင်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြတယ်လို့လည်း ခရီးသွားအကြံပြုချက်အရ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းပြည်ပခရီးသည်တွေအနေနဲ့ ငလျင်ဘေးသင့်ရာ ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေထံ ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ခရီးသွားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေထံမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်တဲ့ ကြေညာချက်တွေကို တရားဝင်သတင်းများမှ စောင့်ကြည့်လေ့လာကြဖို့နဲ့ ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ဝန်ကြီးဌာနဘက်က အကြံပြုထားပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
နကစရဲ့ ထုတ်ပြန်ချက်အရ မေလ ၈ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနဲ့ ပျောက်ဆုံးသူ ၈၆ ဦး ရှိလာကြောင်း သိရပါတယ်။
