#နွန်းဆိုးဟွာ ပုံပြင်လေး
ကျွန်မနာမည် #နွန်းဆိုးဟွာ
သာယာတဲ့နေ့တစ်နေ့တော့ မဟုတ်ခဲ့ဘူး။
စိတ်ပြေလက်ပျောက်ဖြစ်ဖို့ Facebook ကို
ဖွင့်ကြည့်လိုက်တယ်။
လိမ္မော်ရောင်ပန်းပွင့်ငယ်တွေက
သေးသွယ်တဲ့ အစိမ်းရောင်ရိုးတံပေါ်မှာ
စီစီရီရီ လှလှပပဖူးပွင့်လို့။
ဒါဟာ ဓာတ်ပုံထဲက သိပ်ကိုလှပတဲ့ပန်းပွင့်
တွေပါ။ ပန်းလေးရဲ့ နာမည်က နွန်းဆိုးဟွာ တဲ့။ မြန်မာပြည်မှာ တွေ့ ရခဲ့တဲ့ပန်းအမျိုးအစားထဲက တစ်ခုပေါ့။
ကိုရီးယား ၊ တရုတ် အဲ့ဒီ နိုင်ငံတွေမှာ
နွန်းဆိုးဟွာ ပန်းတွေကို ပိုမိုတွေ့ ရတတ်တယ်။
နွန်းဆိုးဟွာ
အဲ့ဒီနာမည်ကို ဘာလို့ပေးခဲ့ရတာလဲ။
ဒါဟာ ကိုရီးယား ပုံပြင် တစ်ပုဒ်ကနေဖြစ်ပေါ်လာတာပါ။
ပုံပြင်ထဲမှာနွန်းဆိုးဟွာဆိုတာ နန်းတွင်းအစေခံမိန်းကလေးတစ်ယောက်ပါ။ ဒါနဲ့ ရှင်ဘုရင် သတိထားမိလောက်တဲ့အထိ သူမရဲ့
အလှအပဟာ ထင်ရှားတယ်။
သူမဟာ လှပတယ်။
ဒါကြောင့်ပဲ ရှင်ဘုရင်က သူမကို
တော်ကောက်လိုက်တယ် ။
နွန်းဆိုးဟွာ
အဲ့ဒီမိန်းကလေးက သိပ်ကို ပျော်ရွှင်ခဲ့တာပေါ့။
သူမဟာ ရှင်ဘုရင်ကို သိပ်ချစ်တယ်လေ။
ဒါပေမဲ့ ရှင်ဘုရင်ဟာ သူမကို လက်ထပ်ပြီးနောက်ပိုင်း သူမရဲ့ အဆောင်ကို တစ်နေ့မှ ၊
တစ်ညမှ မလာရောက်ခဲ့ဘူး။ နွန်းဆိုးဟွာက
လှပသလို စိတ်နှလုံးလည်းနူးညံ့တဲ့မိန်းကလေး
တစ်ယောက်ပါ။ ရှင်ဘုရင်ဟာ သူမရဲ့
နန်းဆောင်ကို မလာရောက်လို့ စိတ်ထိခိုက်ရပေမဲ့ ရှင်ဘုရင်ကို တွေ့ခွင့်မတောင်းခဲ့ဘူး။
သူမ သိပ်ချစ်တဲ့ချစ်သူအတွက် အနှောင့်
အယှက် မဖြစ်စေလိုဘူးလေ။
သူမချစ်တဲ့ ယောက်ျားကို သူမယုံကြည်ပါတယ်။ ရှင်ဘုရင် လာမယ့်ရက်ကိုပဲ သူမစောင့်ခဲ့တယ်။
ရှင်ဘုရင်ကတော့ သူ့အနားမှာခစားတဲ့
မိဖုရားတွေနဲ့ အစေခံတွေရဲ့ ချောက်တွန်း
စကားမှာ ယုံမှားသံသယဖြစ်ပြီး နွန်းဆိုးဟွာကို
သူ့ရဲ့ နန်းဆောင်နဲ့ အဝေးဆုံးနန်း ဆောင်ကို
ပို့လိုက်တယ်။
နွန်းဆိုးဟွာကတော့ ရှင်ဘုရင်ကို ယုံကြည်ဆဲ ချစ်ခင်ဆဲပါပဲ။ ရက်၊ လ၊ နှစ် တွေ
ကြာညောင်းလာပေမယ့် နွန်းဆိုးဟွာရဲ့
နန်းဆောင်ကို ရှင်ဘုရင်က ရောက်မလာခဲ့ဘူး။
နွန်းဆိုးဟွာကတော့ ရှင်ဘုရင်ရဲ့ ခြေသံလေးပဲ
ကြားရမလား၊ ရှင်ဘုရင်ရဲ့ အရိပ်
အယောင်လေးပဲ မြင်ရမလားဆိုတဲ့ အတွေးနဲ့ ပြတင်းပေါက်တွေကိုငေးရင်း နံရံတွေ ရဲ့
အပြင်ဘက်ကို မျှော်ကြည့်ရင်း
စောင့်မျှော်နေခဲ့တယ်။
ဒီလိုနဲ့ နွန်းဆိုးဟွာက စိတ်ဒဏ်ရာရပြီး
ကျန်းမာရေးပါ ထိခိုက်လာတယ်။
ဒါပေမယ့်
ရှင်ဘုရင်ကိုတော့ စောင့်မျှော်နေဆဲပါပဲ။
တဖြေးဖြေးနဲ့ ရောဂါပိုဆိုးလာပြီး နွန်းဆိုးဟွာ သေဆုံးသွားခဲ့တယ် ။ သူမရဲ့ အလောင်းကို
လည်း နန်းဆောင်မှာပဲ မြှပ်ပေးဖို့မှာကြားခဲ့တယ်။ သူမရဲ့ ဝိညာဉ်ကပဲဖြစ်ဖြစ် ရှင်ဘုရင်ကို
စောင့်ရအုံးမယ်လေ။ နှစ်တွေကြာခဲ့ပြီးနောက်
နွန်းဆိုးဟွာကို မြေမြှုပ်တဲ့နေရာမှာ အပင်လေး
တစ်ပင်ပေါက် လာခဲ့တယ်။
အဲ့ဒီအပင်လေးကနေ လှပတဲ့ လိမ္မော်ရောင်
ပန်းပွင့်ငယ်လေးတွေ ပွင့်လာခဲ့တယ်။
နောက်တော့ အဲ့ဒီပန်းလေးရဲ့ နာမည်ကို
နွန်းဆိုးဟွာ လို့ နာမည်ပေးလိုက်ကြတယ်။
စာတွေဖတ်နေရင်းက ကျွန်မမျက်လုံးတွေ
ဝါးလာတယ်။ ကျွန်မ ငိုမိတော့မယ်ထင်ပါရဲ့။ ကျွန်မလည်း လူတစ်ယောက်ကို ချစ်နေပါတယ်။
လူတစ်ယောက်ကိုလည်း စောင့် မျှော်နေပါတယ်။
လူတစ်ယောက်ကို ချစ်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါဆို လူတစ်ယောက် ကိုစောင့်ရတဲ့အလုပ်ကရော ဒါက ပိုခက်ပါတယ်။ ကျွန်မလေ
လူတစ်ယောက်ကို စောင့်ခဲ့တယ်။
ဟင့်အင်း မဟုတ်ဘူး။
လူတစ်ယောက်ကို အမြဲစောင့်ခဲ့ပါတယ်။
ကမ္ဘာကြီးပြိုကျ ပျက်စီးသွားမယ်ဆိုရင်တောင် ကျွန်မကတော့ ရှင့်ကိုစောင့်နေမှာ။ ကျွန်မရဲ့ ခန္ဓာကိုယ် သေကျေပျက်စီးသွားမယ်
ဆိုရင်တောင် ကျွန်မကတော့ ရှင့်ကို စောင့်နေမှာ။ ဘာတွေဘယ်လိုဖြစ်ဖြစ် ကျွန်မကတော့ ရှင့်ကို ဆက်ဆက်စောင့်နေမှာ။ ဒါဟာ ကျွန်မအတွက် အချစ်ကပေးတဲ့ ကျိန်စာတစ်ခုဆိုရင်တောင်မှပေါ့။ အစွဲအလန်းကြီးတာမျိုးလို့ ခေါ်ရမလားပဲ။
ကျွန်မက ရှင့်ကိုသိပ်ချစ်တယ်။ ဒါကြောင့်
ကျွန်မက ရှင့်ကိုစောင့်နေမယ်။
ကျွန်မသေသွားခဲ့ရင် ကျွန်မအုတ်ဂူပေါ်မှာ
နွန်းဆိုးဟွာပန်းတွေ လာထားပါ။
ကျွန်မ
တမလွန်အထိ ရှင့်ကိုစောင့်နေမှာ။
ကောင်းကင်ကြီး ယိုင်နဲ့ပျက်စီးသွားမယ်
ဆိုရင်တောင် ကျွန်မကတော့ရှင့်ကိုစောင့်နေမှာ။
ကျွန်မအုတ်ဂူပေါ်မှာ နာမည်လေးထွင်းတဲ့အခါ ကျွန်မနာမည်ကို သတိရပါ။
ကျွန်မ နာမည် နွန်းဆိုးဟွာ။
Telegram
https://t.me/burmesepoterycommunity
Treasure
( ဤစာမူပါ နွန်းဆိုးဟွာပန်းရဲ့ အချက်အလက်တချို့ ကို Facebook တွင်ရှာယူ၍ ကိုးကားထားခြင်း ဖြစ်ပါကြောင်း အသိပေးဝန်ခံအပ်ပါသည်။ )
#treasure
