“ ကျွန်မကို ချစ်တဲ့သူ တစ်စုံတစ်ယောက် ရှိနေသေးပါလားဆိုတာကို သိရှိလိုက်ရတဲ့ပျော်ရွှင်မှုက ကျွန်မရဲ့နှလုံးသားကိုတောင် ပေါက်ကွဲသွားစေမတတ်ပဲ ။
ငါလက်ထပ်တော့မယ်ဆိုတဲ့ စကားကို ချစ်သူကောင်လေးဆီက ကြားလိုက်ရတယ် ။ လက်ထပ်မလားတို့ လက်ထပ်ချင်တယ်တို့ မဟုတ်ပဲ ငါလက်ထပ်တော့မယ်တဲ့ ။
တကယ်တော့ ကောင်လေး လက်ထပ်တော့မယ့်ကောင်မလေးက သူ့ထက် အရင်တွဲခဲ့တဲ့ သူနဲ့ အလုပ်တူ တခြားဌာနက ကောင်မလေးပါ ။ ကိုယ်တိုင် ဒုတိယလူ ဖြစ်နေတာကို (တွဲလာတာ တစ်နှစ်ကျော်ကာလအလွန်မှာမှ) လက်ထပ်တော့မယ်လို့ ကောင်လေးက ပြောပြမှ သိရတဲ့ တာကကို တစ်ယောက် အသည်းကွဲပြီး အလုပ်ပါထွက်လိုက်ရတယ် ။ ရည်းစားရော အလုပ်ရော တပြိုင်တည်းဆုံးရှုံးထားတာကြောင့် စိတ်ဓာတ်ကျ အသည်းကွဲပြီး အခန်းပိတ်နေရင်းမှာပဲ သူ့ဦးလေးဆီက ဖုန်းကောလ်တစ်ခု လက်ခံရရှိတယ် ။ ဒီလိုနဲ့ သူ့ဦးလေးပိုင်တဲ့ မိုရီဆာကီ စာအုပ်အဟောင်းဆိုင်လေးရဲ့ ဒုတိယထပ်မှာ နေဖို့ ဖြစ်လာတယ် ။
စာအုပ်က နှစ်ပိုင်းပါပြီး ပထမတပိုင်းကတော့ တာကကိုရဲ့ စာအုပ်အဟောင်းဆိုင်မှာ ဖြတ်သန်းတဲ့နေ့ရက်တွေအကြောင်း ရေးထားတာ..။ သူနဲ့ သူဦးလေးရဲ့ အစောပိုင်း ရေရေရာရာ ရင်းနှီးမှုမရှိတဲ့ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာတွေ ၊ တာကကိုရဲ့ Relationshipနဲ့ ပက်သက်ပြီးရခဲ့တဲ့ စိတ်ဒဏ်ရာကို ဘယ်လိုကုစားမလဲဆိုတာတွေ ၊ စာဖတ်ခြင်းကတဆင့်
ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့ပုံတွေပေါ့..။
ဒုတိယတပိုင်းမှာတော့ ဘာအကြောင်းပြချက်မှမပေးပဲ ထားသွားတဲ့ တာတကိုဦးလေးရဲ့ မိန်းမ ပြန်လာတဲ့အကြောင်းဆက်ထားတာ ။ တအုပ်လုံး ငြိမ်ငြိမ်လေးနဲ့ စိတ်အေးချမ်းတယ်တွေးနေရင်း လက်ဖက်ရည်ဆိုင်မှာ ဆက်ဖတ်လိုက်တာ မငိုမိအောင် မနည်းထိန်းလိုက်ရတဲ့အခန်းတွေပါတဲ့အပိုင်းပေါ့..
မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာအပေါ် ခံယူပုံနဲ့ ချစ်ခြင်းမေတ္တာကို ရှုထောင့်မျိုးစုံနဲ့ ခံစားရအောင် ရေးပြထားတယ် ။ ( မဆီမဆိုင် အဲ့ထဲမှ ထည့်ပြောထားတဲ့ စာအုပ်တစ်အုပ်ထဲက ချစ်ခြင်းမေတ္တာကစ ကိုယ်ကသဘောကျ)
ဒါကိုဖတ်တော့ စာအုပ်အဟောင်းဆိုင်တွေရှိတဲ့ လမ်းထောင့်က အိုဟောင်းဟောင်း စာအုပ်အဟောင်းဆိုင်သေးသေးလေးရယ် လမ်းကြားလေးထဲက ကော်ဖီဆိုင်လေးရယ်ကို စိတ်ကူးထဲ ပုံဖော်နေမိတာ ။ (တကယ်က စာအုပ်အဟောင်းဆိုင်တွေ ပြည့်နေတဲ့ Jimbocho Book town က Tokyo မှာ တကယ်ရှိတယ်။)
စာအုပ်အဟောင်းတွေ ဖတ်ရတဲ့ ခံစားချက်ကို ရေးပြတော့ ကိုယ့်မြို့က စာအုပ်အငှါးဆိုင်လေးလည်း လွမ်းတယ် ။ အရမ်းငြိမ်ငြိမ်လေးနဲ့ စိတ်အေးချမ်းစေနိုင်တဲ့ စာအုပ်လို့ ပြောလို့ရတယ် ။
ဘာမှလုပ်စရာ ထွေထွေထူးထူးမရှိတဲ့ အေးဆေးတဲ့ပိတ်ရက်မှာ သူငယ်ချင်းတယောက်နဲ့ စိတ်အေးလက်အေးစကားပြောလိုက်ရသလို..၊ မိုးလေးသဲ့သဲ့မှာ ကော်ဖီနွေးနွေးလေးသောက်ရင်းအိပ်ယာထဲ သက်တောင့်သက်သာနားရသလို.. ခံစားချက်မျိုးပဲ ။ အေးဆေးသက်သာစွာအချိန်ကုန်နေပေမဲ့ အဲ့အလွန်မှာကျ စိတ်ကြည်လင်ပြီး အားအင်ပြည့်နေသလိုမျိုးလေ..။
ငြိမ့်ငြိမ့်လေး ဖတ်ကောင်းတာလေးမလို့ ဖတ်မိရင် နောင်တမရမယ့်ထဲပါတယ် ။ ဖတ်ကြည့်ဖို့လည်း ညွှန်းပါတယ် ။
#မိုးရဲ #မိုရီဆာကီစာအုပ်ဆိုင်နေ့ရက်များ

image