#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်ပို့မည့်အိုင်ဖုန်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်မဟုတ်ကြောင်း အက်ပဲလ်ဆို
အမေရိကန်တွင် ရောင်းချမည့်အိုင်ဖုန်းအများစုနှင့် အခြားဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံ၌ ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အမေရိကန်အခြေစိုက် အက်ပဲလ်ကုမ္ပဏီက မေ ၁ ရက်တွင်ပြောသည်။
အက်ပဲလ်အနေဖြင့်အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ အဓိက အခွန်စည်းကြပ်ရာ တရုတ်နိုင်ငံ၌ထုတ်လုပ်မှုများ လျှော့ချ၍ အမေရိကန်ဈေးကွက်သို့တင်ပို့မည့် အိုင်ဖုန်းအများစုကို အိန္ဒိယတွင် ထုတ်လုပ်မည်ဖြစ်ရာ အိုင်ပက်နှင့် စမတ်နာရီများကို ဗီယက်နမ်တွင် အဓိကထုတ်လုပ်မည်ဟုကုမ္ပဏီအမှုဆောင်အရာရှိချုပ် တင်ကွက်ခ်က ပြောသည်။
ဒေါ်နယ်ထရန့်သည် အဓိက အီလက်ထရွန်နစ်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုအသစ်များ ချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ထားသော်လည်း လက်ရှိသုံးလပတ်တွင် အခွန်စည်းကြပ်မှုများကြောင့် ကုန်ကျစရိတ်ဒေါ်လာသန်း ၉ဝဝ ထပ်တိုးလာကြောင်း တင်ကွက်ခ်က ပြောကြားထားသည်။
ထရန့်အစိုးရကမူ အက်ပဲလ်၏ထုတ်လုပ်မှုများကို အမေရိကန်သို့ ပြောင်းရွှေ့စေလိုကြောင်း အကြိမ်ကြိမ်ပြောဆိုထားသည်။ အက်ပဲလ်အနေဖြင့် လာမည့်လေးနှစ်အတွင်း အမေရိကန်ပြည်နယ်များတွင် ဒေါ်လာဘီလီယံ ၅ဝဝ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို မေ ၁ ရက်က ပြုလုပ်ခဲ့သောရင်းနှီးမြှုပ်နှံသူများအစည်းအဝေး၌ တင်ကွတ်ခ်က ဆွေးနွေးခဲ့သည်။
အိန္ဒိယနှင့် ဗီယက်နမ်တို့သည် အမေရိကန်ဈေးကွက်တင်ပို့မှုအတွက် ထုတ်လုပ်မှုဗဟိုချက်နိုင်ငံများ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုထားပြီး အမေရိကန်ပြင်ပနိုင်ငံများအတွက်မူ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုများ ဆက်ရှိနေမည်ဟုပြောသည်။
ဘီဘီစီ
