Faye Wong က ဘယ်သူလဲ။
Faye Wong က အဆိုတော်ဘဝအစပိုင်းမှာ ပရိသတ်အလိုကျကရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခဲ့တယ်။ တေးသံသွင်းတစ်ခုနဲ့ စာချုပ်ချုပ်ဖြစ်လို့ ဟောင်ကောင်ကိုရောက်လာတဲ့ တရုတ်ပြည်မကြီးက လူငယ်အဆိုတော်တစ်ယောက်။ ပြည်မကြီးကဖြစ်တော့ ဟောင်ကောင်ပရိသတ်တွေမကြိုက်မှာစိုးလို့ဆိုပြီး Faye Wong ကို ဟောင်ကောင်စတိုင်ဖြစ်အောင် ပုံသွင်းကြတယ်ပေါ့လေ။ ဟောင်ကောင်က ဗြိတိသျှကိုလိုနီထဲမှာရှိနေသေးတော့ အတော်လေးခေတ်ဆန်တယ်ပြောလို့ရတယ်။ အဲ့ဒီအချိန်တုန်းက ပြည်မကြီးကျ ကွန်မြူနစ်အယူအဆတွေနဲ့ ရှေးရိုးနည်းနည်းဆန်သေးတယ်။ ဒီတော့ Shelly Wong ဆိုတဲ့ ဘိုဆန်ဆန်နာမည်နဲ့ ပွဲထွက်ရပါရော။ Faye Wong က ဒီလိုလုပ်ရတာကို ကြိုက်လှတယ်တော့မဟုတ်။ သူမဟုတ်တဲ့ အခြားလူတစ်ယောက်ပုံစံ ဟန်ဆောင်နေရတယ်လို့ ခံစားရတယ်။ Shelly Wong နာမည်နဲ့ ပေါ့ပေါ့ပါးပါးအယ်လ်ဘမ် ၃ ချပ်ထွက်ခဲ့ပေမယ့် တစ်ချပ်ပြီးတစ်ချပ် ရောင်းအားနည်းသထက်နည်းလာခဲ့တယ်။ ဝမ်ကာဝေကတော့ ဒါတွေဂရုစိုက်ဟန်မပေါ်ဘူး။ သရုပ်ဆောင်ရွေးပွဲမှာ Faye Wong ကိုကြည့်ပြီး သူများနဲ့မတူတဲ့ခံစားချက်တစ်ခုကို သူရလိုက်တယ်ထင်တယ်။ ပြည်မကြီးကဖြစ်လေတော့ ဟောင်ကောင်ရှုထောင့်မှာ ထူးဆန်းတဲ့လူတစ်ယောက်လိုဖြစ်နေတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခေတ်ဆန်တယ်လို့ လက်ခံထားကြတဲ့ ဟောင်ကောင်သူတွေထက်တောင်မှ ထူးခြားခေတ်ဆန်နေသေးတဲ့ ပြည်မကြီးသူတစ်ယောက်ပေါ့လေ။ ဒီလိုနဲ့ Days of Being Wild ရုပ်ရှင် အပိုင်း (၂) မှာ Faye Wong ကိုထည့်ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အပိုင်း (၂) က ရှိမလာခဲ့ပါဘူး။
တကယ်တော့ အပိုင်း (၂) အသာထား၊ Days of Being Wild ထွက်လာပြီးချိန်မှာ ဝမ်ကာဝေ ရုပ်ရှင်ထပ်ရိုက်ခွင့်ရရင်တောင် ကံကောင်း ဆိုတဲ့အခြေအနေအထိဖြစ်ခဲ့တာပါ။ ဟောင်ကောင်ပရိသတ်တွေက Days of Being Wild ကို ဂန်းစတားရုပ်ရှင်ဖြစ်မယ်လို့ ထင်ခဲ့ကြတယ်။ ဝမ်ကာဝေကို As Tears Go By နဲ့သိထားကြတာကြောင့်လည်းပါသလို နာမည်ကျော်မင်းသား၊ မင်းသမီးတွေအကုန်ပါတော့ ပရိသတ်တွေက ဟောင်ကောင်ရုပ်ရှင်လောကရဲ့ Godfather ရုပ်ရှင်ကြည့်ရတော့မယ်ပဲ ထင်ခဲ့ကြတာပေါ့။ ဖြစ်ချင်တော့ Days of Being Wild က ဂန်းစတားရုပ်ရှင်လည်းမဟုတ်၊ အက်ရှင်ခန်းလည်းတစ်ခန်းမှမပါ။ ပရိသတ်ရဲ့ မှန်းချက်နဲ့ နှမ်းထွက်က လုံးဝမကိုက်ခဲ့ဘူး။ ဒီကြားထဲ ဇာတ်သိမ်းကလည်း ထူးဆန်းနေသေးတယ်။ Days of Being Wild က ဟောင်ကောင်ရုပ်ရှင်စျေးကွက်မှာ ရုံဝင်ငွေကောင်းကောင်းမရခဲ့ဘူး။ ဒါပေမယ့် ဝမ်ကာဝေအတွက်တော့ ဒီအဖြစ်အပျက်ကနေ ကောင်းကျိုးတစ်ခုရခဲ့တယ်ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေက သူ့ကို pretentious ဖြစ်တယ် (ဟိတ်ဟန်များတယ်) လို့ဝေဖန်ကြပြီး ရုပ်ရှင်ဝါသနာအိုးတွေ၊ ဝေဖန်ရေးဆရာတွေက သူ့လက်ရာကိုကြိုက်ကြတော့ တစ်ဖက်နဲ့တစ်ဖက် အငြင်းအခုံတွေဖြစ်ကြရင်းနဲ့ ဝမ်ကာဝေဆိုတဲ့နာမည်က လူပြောများလာကြပါရော။
ဝမ်ကာဝေ သက်ဆိုးရှည်ရတဲ့နောက်တစ်ချက်က ၁၉၉၀ အစပိုင်းက ဟောင်ကောင်ပြည်သူတွေရဲ့ခေါင်းထဲမှာ အမြဲဝင်နေတဲ့အကြောင်းအရာတစ်ခုကြောင့်လို့ပြောရမယ်။ ဘာလဲဆိုတော့ နောက်ထပ်ဆယ်စုနှစ်တစ်ခုမကြာခင် ၁၉၉၇ ခုနှစ်ရောက်ရင် ဟောင်ကောင်က ဗြိတိသျှလက်အောက်ခံအနေနဲ့ ဆက်ရှိတော့မှာမဟုတ်ဘဲ တရုတ်ပြည်မကြီးဆီ ပြန်လွှဲပြောင်းခံရတော့မယ်ဆိုတဲ့သတင်းပါပဲ။ ဒီတော့ ပရိသတ်တွေကလည်း ရိုးအီနေတဲ့ဂန်းစတားရုပ်ရှင်တွေကနေ ဟောင်ကောင်အနာဂတ်အကြောင်းကို ပြောပြမယ့်ရုပ်ရှင်တွေကို တဖြေးဖြေးပိုတောင့်တလာကြတယ်။ ဟောင်ကောင်ဆိုတဲ့ဒေသ ဘာဆက်ဖြစ်မလဲ၊ ဟောင်ကောင်ရုပ်ရှင်လောကက ဘာရုပ်ရှင်တွေဆက်ဖန်တီးမှာလဲဆိုတဲ့ မတင်မကျအတွေးတွေ ကိုယ်စီရှိနေကြတဲ့အချိန်ပေါ့လေ။ ဒီအချိန်မှာ ဟောင်ကောင်ပြည်သူတွေလိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဝမ်ကာဝေလက်ရာ ရုပ်ရှင်ကားတစ်ကားထွက်လာခဲ့တယ်။
“Chungking Express” လို့ခေါ်ပါတယ်။
Chungking Express ဆီမရောက်လာခင်မှာ Days of Being Wild အပိုင်း (၂) မရှိတော့ဘူးဆိုတာ သဘောပေါက်သွားတဲ့ Faye Wong တစ်ယောက် သူ့ရဲ့ ပုံရိပ်တု Shelly Wong ကိုစွန့်ခွာပြီး နယူးယောက်ကို ခဏထွက်သွားခဲ့တယ်။ တကယ်တော့ အဲ့ဒီမှာ ဂီတကျောင်းတစ်ကျောင်းသွားတက်ဖို့ပဲ။ ဖြစ်ချင်တော့ ကျောင်းဝင်ခွင့်လျှောက်တာမမှီတော့ဘဲနဲ့ နယူးယောက်မှာ လနဲ့ချီပြီး ဒီအတိုင်းလေလွင့်နေခဲ့တယ်။ နယူးယောက်မှာ Faye Wong က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူတွေနဲ့ ဆုံခဲ့တယ်။ “တခြားလူတွေ ငါ့ကိုဘယ်လိုထင်မလဲ” ဆိုတာ လုံးဝဂရုမစိုက်တဲ့လူတွေပေါ့။ Faye Wong ပြန်လာတော့ သူဟာ အရင်နဲ့မတူတော့ဘူး။ မတူတော့တာမှ တစ်ခုမှကိုမတူတော့တာ။ ပေါ့ပ်သီချင်း ပေါ့ပေါ့ပါးပါးလေးတွေပဲ ထုတ်ခဲ့ဖူးပေမယ့် ပြန်လာချိန် ပထမဆုံးထုတ်တဲ့အယ်လ်ဘမ်မှာ R&B အငွေ့အသက်တွေ စတင်ပါဝင်လာခဲ့တယ်။ Tears on the Wind ဆိုတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်တောင် ပါလိုက်သေး။ ပြီးတော့ သူ့ရဲ့မန်ဒရင်နာမည်ရင်းဖြစ်တဲ့ Faye Wong ကို ပထမဆုံးဖော်ပြတဲ့အယ်လ်ဘမ်လည်းဖြစ်လာတယ်။ ဝတ်ပုံစားပုံကလည်း ဟောင်ကောင်ပေါ့ပ်စတားတစ်ယောက်နဲ့ လုံးဝမတူဘူး။ ပုံမှန်အားဖြင့် ဟောင်ကောင်ပေါ့ပ်စတားတွေက အရောင်တောက်တောက်ပြောင်ပြောင်တွေ ဝတ်တယ်။ စင်ပေါ်မှာ စည်းချက်ကျကျ ကပြတတ်တယ်။ Faye Wong ကတော့ ဖျော်ဖြေတဲ့အခါ ဝတ်စားပုံက အူကြောင်ကြောင်နိုင်တဲ့အပြင် ကလည်းမကဘူး။ သူမကဘဲနေနေတာကို သူ့ကိုယ်သူသတိမထားမိအောင် အင်္ကျီလက်ရှည်တွေဝတ်ပြီး လက်ကိုဖုံးထားတတ်သေးတယ်။ ပေါ့ပ်စတားအတော်များများက သူတို့ကိုယ်တိုင် ပရိသတ်ပါလာအောင် ဆွဲခေါ်ပြီးဖျော်ဖြေပေမယ့် Faye Wong နဲ့ဆိုရင်တော့ ပရိသတ်က ပြန်ဦးဆောင်ရတယ်။ တနည်းအားဖြင့် ဟောင်ကောင်ဟာ ဝမ်ကာဝေ ကြိုမြင်ခဲ့တဲ့ Faye Wong ကို မျက်ဝါးထင်ထင်စမြင်ရတာပဲ။ ခေတ်ဆန်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရှုထောင့်မှာတောင် အများထက် တမူပိုထူးခြားနေတဲ့ ပြည်မသူလေးတစ်ယောက်ပေါ့။ အခုလိုပြောင်းလဲလာတဲ့ Faye Wong ဟာ Chungking Express လို မော်ဒန်ခေတ်ဟောင်ကောင်ကိုပြတဲ့ရုပ်ရှင်အတွက် အံဝင်ခွင်ကျဖြစ်စေခဲ့တယ်။ ဒီရုပ်ရှင်ထွက်လာချိန်မှာ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးဆီပြန်ရောက်ဖို့ ၃ နှစ်သာလိုတော့တယ်။
ဆက်ရန်
