တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသားများကို လိုအပ်တဲ့ကျောင်းသုံးပစ္စည်းများ ထောက်ပံ့မည်
******************
(ပြည်တွင်း) ဧပြီ ၃၀
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာတွေပျက်စီးသွားတဲ့ တိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ ကျောင်းသုံး ပစ္စည်းတွေကို ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ကချင်ပြည်နယ်တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲဘာသာစုံဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆ သောင်း ၃ ထောင်ခန့်ရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ တက္ကသိုလ်တွေမှ ဒုတိယပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ တွဲဖက်ပါမောက္ခတွေနဲ့ ကထိကတွေက လာရောက်ပြီး သင်ကြားပို့ချပေးသွားမှာဖြစ်သလို အခြေခံပညာ ဆရာ၊ ဆရာမတွေကလည်း ဆက်လက်သင်ကြား လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို စာစစ်လုပ်ငန်းဆောင်ရွက်နေတဲ့ မန္တလေး တက္ကသိုလ်ပင်မအဆောက်အအုံ ထိခိုက်ပျက်စီးပြီးအဖြေလွှာတွေ မီးလောင်ဆုံးရှုံးခဲ့တာကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ ပိတ်ရက်မရှိ ပြန်လည်ဖြေဆိုနိုင်ဖို့ ထုတ်ပြန်ထားပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူတွေအတွက် မျှတမှုရှိစေဖို့အတွက် အခုလိုပြန်လည်ဖြေဆိုစေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသား/ကျောင်းသူတွေအတွက် လေ့ကျင့် သင်ကြားရေးစခန်းတွေ ဖွင့်လှစ်ပြီး Revision Class တွေနဲ့ အနီးကပ်သင်ကြားပြသပေးနေတယ်လို့ ပညာရေးဝန်ကြီး ဌာနကနေ သိရပါတယ်။
