23 hrs - Translate

မယ်ဆိုင်ချောင်းရေ မြင့်တက်လာလို့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းရ
ဧပြီ ၂၉ - ၂၀၂၅
SS (VOM)
မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်နဲ့ မယ်ဆိုင်ကြားမှာ မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတဲ့အတွက် ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်၊ မိုးရွာသွန်းမှုအပြီး ရေကြီး၊ ရေလျှံမှုကြောင့် အမှတ် (၁) တံတားအနီးဝန်းကျင်က ရပ်ကွက်နေပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းထဲက ရေတွေ တက်လာတာ။ အခုတောင် လမ်းပေါ်မှာ ကားတွေ မြုပ်တော့မယ်။ အခုတော့ မိုးက တိတ်နေတယ်။ ထပ်ရွာရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒါတောင် မိုးတွင်း မရောက်သေးဘူး။ မိုးတွင်း ရောက်ရင်တော့ ဒီ့ထက်ပိုဆိုးမယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မယ်ဆိုင်ချောင်းရေ အမှတ်မှာ ၂၈၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်က ၄၀၀ စင်တီမီတာကျော် ဖြစ်တယ်လို့ သိရပါတယ်။
မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာတော့ ချောင်းရေ မြင့်တက်ခြင်းနဲ့အတူ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်ရှိ အိမ်တချို့နဲ့ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် နေရာတချို့မှာ ရေစတင် ဝင်ရောက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဝမ်ကောင်းရပ်ကွက်အတွင်းက နှင်းဆီလမ်း (စာတိုက်/ဆက်သွယ်ရေးလမ်း) နဲ့ မဥ္ဇူလမ်း (တာလော့ကျောင်းလမ်း) အပါအဝင် တာလော့ဈေးကို သွားရာ လမ်းတလျှောက်တို့မှာလည်း ရေတွေ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
ရေမြင့်တက်မှု အခြေအနေကို မယ်ဆိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝမ်းဖန်းခမ်း စည်ပင်သာယာရေးအဖွဲ့ (Wiang Pang Kham Municipality - เทศบาลตำบลเวียงพางคำ) က ဒရုန်းနဲ့ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က မှတ်တမ်း တင်ထားတာမှာ မယ်ဆိုင်ချောင်းတလျှောက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ကော့ဆိုင်းရပ်ကွက်နဲ့ တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်တွေ အပါအဝင် အမှတ် (၁) ချစ်ကြည်ရေးတံတား အနီးတဝိုက် ဈေးဝန်းကျင်မှာ ရေတွေ ဝင်ရောက်နေတာကို တွေ့ရပါတယ်။
“သဲတွေ၊ နုံးတွေကြောင့် မယ်ဆိုင်ချောင်းက ကောနေပြီ။ မိုးရွာတာနဲ့ ရေကလျှံချင်နေတာ။ အခုလည်း သုံးရက်လောက် မိုးဆက်သွားတော့ ရေလျှံလာပြီ။ တာချီလိတ်မြို့ထဲမှာလည်း ရေက အလွယ်တကူ မစီးနိုင်ဘူး ဖြစ်နေတယ်။ အနိမ့်ပိုင်းနေရာတွေဆို ပိုဆိုးတယ်။ ရေထွက်ပေါက်လည်း မရှိသလောက်ဆို‌တော့ ရေတက်တာ မြန်တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
တာချီလိတ် (အထက်ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းမှာ ဧပြီ ၂၇ ရက်နေ့၊ ညပိုင်းနဲ့ ဧပြီ ၂၈ ရက်နေ့၊ ညပိုင်း မိုးရွာသွန်းမှုတွေကြောင့် တောင်ကျရေမှာ မယ်ဆိုင်ချောင်းအတွင်း ဝင်ရောက်လာပြီး ချောင်းရေ မြင့်တက်လာခြင်းဖြစ်ကာ ဒီကနေ့ ဧပြီ ၂၉ ရက်၊ မနက်ပိုင်း မိုးရွာသွန်းမှုအပြီးမှာတော့ ရပ်ကွက်တွေထဲ ရေတွေ ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း - မြန်မာနယ်စပ်၊ တာချီလိတ်မြို့နဲ့ မယ်ဆိုင်မြို့ရှိ မယ်ဆိုင်မြစ်ရေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ အတွင်းကလည်း ရေကြီး၊ ရေလျှံမူဖြစ်ပွားခဲ့ဖူးပြီး ရပ်ကွက်တွေထဲ ရေဝင်ရောက်မှု ရှိခဲ့ပါတယ်။

image