1 d - Translate

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုဖြစ်ပွား
*****************
(မှုခင်း) ၂၉
ယမန်နေ့နံနက် ၇ နာရီအချိန်က ကျောက်တံခါးဘူတာမှထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန်ရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၄-၅ နေရာသို့ရောက်ရှိချိန်တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်းထိခိုက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် ကျောက်တံခါးဘူတာသို့ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းအား ယမန်နေ့နံနက် ၇ နာရီ ၂၆ မိနစ်အချိန်တွင်ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရသည်။မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်း၏အရှေ့ဘက် သံလမ်း ၂ ပေခန့် ပြတ်ထွက်ခြင်း၊ အနောက်ဘက်သံလမ်း ၁၅ ပေခန့် ကွေးကောက်၍ လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာနေရာအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်လမ်း၏ သံလမ်းအားလဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၈ မိနစ်အချိန်တွင် အဆိုပါလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့နံနက်က ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁)အဆန်အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU အမြန်ရထားတို့အား ညောင်လေးပင်ဘူတာ၌ အသီးသီးရောက်ရှိရပ်တန့်ထားခဲ့ရပြီး လမ်းပိုင်းစစ်ဆေးပြုပြင်ပြီးစီး၍ ယမန်နေ့နံနက် ၈ နာရီ ၅၇ မိနစ်အချိန်မှသာ ပြန်လည်ထွက်ခွာပေးနိုင်ခဲ့ သဖြင့် လူစီးရထားများ ၁ နာရီခန့်စီ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိမြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင်ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၁)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီးယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

image