#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းသို့ အီရန်သမ္မတ သွားရောက်
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းပေါက်ကွဲမီးလောင်မှုကြောင့် ဒဏ်ရာ ရရှိထားသူများထံ အီရန်သမ္မတ ပီဇက်ကီအမ် သွားရောက်တွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၇ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အီရန်နိုင်ငံတောင်ပိုင်း ဟော်မော့စ်ဇ်ဂန်ပြည်နယ်၌ တည်ရှိသော ရှာဟစ်ရာဂျာအီဆိပ်ကမ်း၌ ဧပြီ ၂၆ ရက်တွင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ ဧပြီ ၂၈ ရက်အရောက်တွင် သေဆုံးသူ ၄ဝ နှင့် ဒဏ်ရာရသူ ၁ဝဝဝ ခန့် ရှိလာခဲ့ပြီဖြစ်သည်။
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းပေါက်ကွဲမီးလောင်မှုသည် ဒုံးပျံ လောင်စာရည်ပြုလုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ပတ်သက်နေဖွယ်ရှိကြောင်း လေ့လာသူများက ယူဆထားသည်။
ရှာဟစ်ရာဂျာအီဆိပ်ကမ်း ပေါက်ကွဲမီးလောင်မှု အဘယ်ကြောင့် ဖြစ်ပွားခဲ့ရသည်ကို မိမိတို့အဖြေရှာကြရမည်ဖြစ်ကြောင်း အဆိုပါဆိပ်ကမ်းသို့သွားရောက်စဉ် အီရန်သမ္မတပီဇက်ကီအမ်က တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းသည် ယခုနှစ်မေလအတွင်း တရုတ်နိုင်ငံမှ တင်ပို့လိုက်သော အမိုနီယမ်ပါကလိုရိတ်ခေါ် ဒုံးကျည်လောင်စာရည် ပြုလုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများကို လက်ခံထားရကြောင်း သတင်းများ၏ အဆိုအရသိရသည်။
ရှာဟစ်ရာဂျာအီဆိပ်ကမ်း ပေါက်ကွဲမီးလောင်မှုမှာ လွန်စွာပြင်း ထန်ခဲ့ရာ ဆိပ်ကမ်းရှိမော်တော်ယာဉ်များ၊ အဆောက်အအုံများနှင့် ကုန်သေတ္တာများ အကြီးအကျယ်ပျက်စီးခဲ့ရသည်။
ယင်းအပြင် မီးလောင်ကျွမ်းမှုမှာလည်း ဧပြီ ၂၇ ရက်အထိ ဆက် လက်ဖြစ်ပွားခဲ့ရာ အီရန်တာဝန်ရှိသူများက လေယာဉ်နှင့် ရဟတ်ယာဉ်များ အကူအညီဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်။

image