#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်သင်္ဘောများ ပနားမားတူးမြောင်းကို အခမဲ့ ဖြတ်ခွင့်ရသင့်
အမေရိကန်စစ်သင်္ဘောများ နှင့် အရပ်ဘက်ကုန်တင်သင်္ဘောများ အနေဖြင့် ပနားမားတူးမြောင်းနှင့်စူးအက်တူးမြောင်းတို့ကို အခမဲ့ဖြတ်သန်းခွင့်ရသင့်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်စစ်သင်္ဘောများ နှင့် ကုန်တင်သင်္ဘောများအနေဖြင့် ပနားမားတူးမြောင်းနှင့် စူးအက်တူးမြောင်းတို့အား တူးမြောင်းဖြတ်ခများပေး၍ ဖြတ်သန်းနေရသည့် အခြေအနေကို ကိုင်တွယ်ရန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို မိမိတိုက်တွန်းထားကြောင်း လူမှုမီဒီယာစာမျက်နှာပေါ်၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ရေးသားထားသည်။
မြောက်အမေရိကနှင့် တောင်အမေရိကအကြား ကုန်းတန်း၏ အကျဉ်းမြောင်းဆုံးနေရာကို ဖြတ်သန်းတည်ဆောက်ထားသော ပနားမားတူးမြောင်းကြောင့် သင်္ဘောများအနေဖြင့် အတ္တလန္တစ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့အကြား လွယ်ကူလျင်မြန်စွာ ကူးသန်းနိုင်သည်။
ပနားမားတူးမြောင်းသည် အမေရိကန်ကုန်သေတ္တာတင် သင်္ဘောများအနက် ၄ဝ ရာခိုင်နှုန်း နှစ်စဉ်ဖြတ်သန်းနေသော ရေလမ်း ကြောင်းဖြစ်သည်။
ပနားမားတူးမြောင်းကို အမေရိကန်ပြည်ထောင်စုက ၂၀ ရာစု အစောပိုင်းတွင် အပြီးသတ်တည်ဆောက်ပေးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ယင်းတူးမြောင်းထိန်းချုပ်ခွင့်ကို ပနားမားနိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။
သို့ရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်သမ္မတရာထူး ဒုတိယအကြိမ်ရယူခဲ့သည့် သမ္မတဒေါ်နယ်ထရန့်က ပနားမားတူးမြောင်းအား အမေရိကန်ပြည်ထောင်စု ပြန်လည်ထိန်းချုပ်သင့်ကြောင်း ပြောကြားထားသည်။
