#နိုင်ငံတကာသတင်း
◼တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ကူညီခဲ့သော အမေရိကန်တရား သူကြီးနှစ်ဦးကို ဖမ်းဆီး
တရားဝင်နေထိုင်ရန် စာရွက်စာတမ်းများ မရှိသော ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးအား ကူညီခဲ့သည့် နယူးမက္ကဆီကိုပြည်နယ်မှ တရားသူကြီးဟောင်းတစ်ဦးကို အမေရိကန်ဖက်ဒရယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး အလားတူအကြောင်းအရာဖြင့် အစောပိုင်းက ဖမ်းဆီးထားသော မီလ်ဝေါ့ကီးမြို့မှ တရားသူကြီးတစ်ဦးကို စွဲချက်တင်လိုက်ကြောင်း လည်း အာဏာပိုင်များက အတည်ပြုသည်။
“ဥ‌ပဒေအထက် မှာ ဘယ်သူမှ မရှိပါဘူး။” ဟု တရားရေးဌာန ထုတ်ပြန်ချက်တွင် ရှေ့နေချုပ် မစ္စက်ပမ်ဘွန်ဒီ က ပြောကြားသည်။
အမေရိကန်နိုင်ငံ၌ တရားမဝင်‌နေထိုင်လျက်ရှိသည့် ဗင်နီဇွဲလားနိုင်ငံသားတစ်ဦး ဖြစ်သော ခရစ်သီယမ် အော်တေဂါလိုပက်ဇ် အား ၎င်းတို့ပိုင်ဆိုင်သည့်အိမ်တစ်လုံး၌ ထားရှိခဲ့သည့်အတွက် နယူးမက္ကဆီကိုတရားသူကြီးဟောင်း ဂျိုဝယ်ကာနို နှင့် ၎င်း၏ဇနီး နန်စီကာနို တို့အား သီတင်းပတ်အစောပိုင်း တွင် ဖမ်းဆီးခဲ့သည်။
အော်တေဂါလိုပက်ဇ်က လူဆိုးဂိုဏ်းများနှင့် ပတ်သက်သည်ကို အိမ်ရှင်နှစ်ဦး က သိရှိခဲ့သော်လည်း လျှစ်လျူရူခဲ့ကြသည်ဟု အာဏာပိုင်များက အခိုင်အမာပြောသည်။
မီလ်ဝေါ့ကီးမြို့မှ တရားသူကြီး ဒူဂန် နှင့် တရားသူကြီး ကာနိုတို့အပေါ် စွပ်စွဲချက်များမှာ ပြင်းထန်ကြောင်း နှင့် မည်သူပင်ဖြစ်စေ၊ အနည်းဆုံးတရားသူကြီးတစ်ဦးကဖြစ်စေ ဥပဒေစည်းကြပ်မှုလုပ်ငန်းစဉ်ကို အဟန့်အတားမပြုသင့်ကြောင်း ရှေ့နေချုပ် ဘွန်ဒီ က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ ဥပဒေစည်းကြပ်ရေးအရာရှိများ၏ လုံခြုံရေးကို ထိခိုက်နိုင်ပြီး ဥပဒေစိုးမိုးမှုကိုလည်း ထိခိုက်ကြောင်း နှင့် တရားရေးဌာနအနေဖြင့် အချက်အလက်များအတိုင်းသာ ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း မစ္စက်ဘွန်ဒီ က ဆက်လက်ပြောကြားသည်။
အော်တေဂါလိုပက်ဇ် နှင့် အခြားလူအများအပြားကို နယူးမက္ကဆီကိုပြည်နယ်မှ တရားသူကြီးကာနိုပိုင်ဆိုင်သော အိမ်တစ်လုံးတွင် လက်နက်များနှင့်အတူ ဖေဖော်ဝါရီလနှောင်းပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သောကြာနေ့တွင် ၎င်း၏ တရားရုံးအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သော မီလ်ဝေါ့ကီးမြို့ ခရိုင်အလှည့်ကျတရားသူကြီး ဟန်နာဒူဂန်ကို စွဲချက်တင်လိုက်ကြောင်းလည်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
မက္ကဆီကိုနိုင်ငံသား အက်ဒွာဒိုဖလော်ရက်ရူးအစ်အား တရားရုံးအတွင်း အဖမ်းမခံရစေရန် အကာအကွယ်ပေးခြင်းဖြင့် ဒူဂန်က အမေရိကန် နိုင်ငံ၏ အေဂျင်စီတစ်ခု သို့မဟုတ် ဌာနဆိုင်ရာရှေ့မှောက်တွင် ဥပဒေလုပ်ငန်းစဉ်တစ်ခုကို တားဆီးခဲ့ကြောင်း တရား‌ရေးဌာနက စွဲချက်တင်ထားသည်။

image