#ပြည်တွင်းသတင်း
◼ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ထိုင်း-မြန်မာစာသင်ကျောင်းတွင် ကျောင်းအပ် စတင်လက်ခံ
ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ဌာနီခရိုင်ရှိ ထိုင်း-မြန်မာ စာသင်ကျောင်းတွင် မေ ၆ ရက်အထိ မြန်မာကလေးငယ်များအား ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။
ပုဂ္ဂလိက စာသင်ကျောင်းဖြစ်သည့်တောင်ဝင့်ဖက်ထနာ (Tuong-wit Pattana) ကျောင်းတွင် ဧပြီ ၁၉ ရက်မှစကာ ကျောင်းအပ် လက်ခံနေခြင်းဖြစ်ပြီး အဆိုပါကျောင်းတွင် မူကြိုအတန်းမှ ကိုးတန်းအထိ မြန်မာကျောင်းသား၊ ကျောင်းသူများကို မြန်မာသင်ရိုးအတိုင်း သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်ထိုင်းဘာသာကို ထိုင်းလူမျိုးဆရာမက သင်ကြားပေးနေပြီး ကျောင်းအပ်မည်ဆိုပါက မိဘအုပ်ထိန်းသူတစ်ဦးဦး၏ အထောက်အထားစာရွက်စာတမ်းနှင့် သူဌေးထောက်ခံစာ ပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံချိန်တွင် ကျောင်းသားတစ်ဦးလျှင် ကျောင်းဝင်ကြေးအဖြစ် ဘတ် ၅ဝဝ ကောက်ခံနေပြီး ထိုင်းသင်ရိုး ဖတ်စာအုပ်နှင့် မြန်မာသင်ရိုးဖတ်စာအုပ်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများ အခမဲ့ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်ကမြန်မာကျောင်းသူ၊ ကျောင်းသား ၃ဝဝ ဝန်းကျင်ရှိပြီး မြန်မာဆရာ၊ ဆရာမရှစ်ဦးနှင့် ထိုင်းဆရာမများက သင်ကြားပေးခဲ့ရာ လက်ရှိကျောင်းဖွင့်ရာသီတွင် ကျောင်းသားဦးရေထပ်တိုး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
