#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခမဲ့ တက္ကသိုလ်ပညာရေးစနစ် လာမည့်နှစ်တွင် နမီးဘီးယား၌ စတင်ကျင့်သုံးမည်
လာမည့်နှစ်မှစ၍ နိုင်ငံပိုင်တက္ကသိုလ်များနှင့် နည်းပညာကောလိပ်များ၌ အခမဲ့အဆင့်မြင့်ပညာရေးစနစ် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း နမီးဘီးယား သမ္မတသစ် နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါက ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်သည်။
သမ္မတ နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါသည် နမီးဘီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ပြီးခဲ့သည့်လအတွင်း ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်သည်။
နိုင်ငံပိုင်တက္ကသိုလ်များနှင့် နည်းပညာကောလိပ်များ၌ အခမဲ့ အဆင့်မြင့်ပညာရေးစနစ် ကျင့်သုံးမည့်အစီအစဉ်ကို သမ္မတ နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါက လွှတ်တော်၌ ဧပြီ ၂၄ ရက်တွင်ပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
၂ဝ၂၆ ခုနှစ်ပညာသင်နှစ်မှစ၍ နမီးဘီးယားနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် အစိုးရက အပြည့်အဝအကုန်အကျခံမည့် ပညာရေးစနစ်ဖြစ် လာလိမ့်မည်ဖြစ်ကြောင်း သမ္မတ နီတမ်ဘိုနန်ဒီ အင်န်ဒိုက်ဝါက ပြောကြားခဲ့သည်။
နမီးဘီးယားနိုင်ငံသည် အစိုးရအခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းများအတွက်အခမဲ့ပညာရေးစနစ် ကျင့်သုံးနေခြင်းဖြစ်သည်။
သို့ရာတွင် နမီးဘီးယားကျောင်းသားမိဘများ အနေဖြင့် ကျောင်းဝတ်စုံကြေး၊ စာအုပ်ကြေး၊ အဆောင်ခ စသည်တို့ကို ပေးချေနေရဆဲဖြစ်သည်။
လူငယ်အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှုနှင့် ဆင်းရဲနွမ်းပါးမှုပြဿနာများရှိနေချိန်တွင် လူငယ်များအတွက် အခွင့်အလမ်းများမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အခမဲ့တက္ကသိုလ်ပညာရေးစနစ်ကို လာမည့်ပညာရေးနှစ်တွင် စတင်ကျင့်သုံးရန်စီစဉ်ထားခြင်းဖြစ်ကြောင်း နမီးဘီးယားသမ္မတက ပြောကြားထားသည်။
