#ပြည်တွင်းသတင်း
◼ ငလျင်ဒဏ်သင့်သူများ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရပါကတိုင်ကြားနိုင်ဟု UN Myanmar ထုတ်ပြန်
မြန်မာနိုင်ငံ၌ ငလျင်ဒဏ်သင့်သူများ အကူအညီရယူရာတွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အလွဲသုံးစားပြုလုပ်ခံရပါကတိုင်ကြားနိုင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူသွားမည်ဖြစ်ကြောင်း UN Myanmar က ယနေ့(ဧပြီ ၂၄ ရက်) တွင်ထုတ်ပြန်သည်။
ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် လူပေါင်းများစွာအတွက်အကူအညီများသည် အခမဲ့ဖြစ်ပြီး အကူအညီအတွက်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အလွဲသုံးစားပြုလုပ်ခွင့်မရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကူအညီပေးနေသူများမှ ပိုက်ဆံပေးမည်၊ အလုပ်ပေးမည်၊ အကူအညီပေးမည်ဟုဆိုကာ တံစိုးလက်ဆောင်၊ အခွင့်အရေးနှင့် လိင်ကိစ္စတောင်းဆိုခွင့်မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် ငလျင်ဘေးအတွက် အကူအညီရယူနေသူများအနေဖြင့် မိမိအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း (သို့မဟုတ်) အခြားတစ်ယောက်ယောက်က ကျူးလွန်ခံနေရကြောင်းတွေ့ရှိ ပါက တိုင်ကြားနိုင်ကြောင်း UN Myanmar ကဆက်လက်ထုတ်ပြန်ထားသည်။
WHO အပါအဝင်ပူးပေါင်းဆောင်ရွက်နေကြသော လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များအားလုံး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများမှကာကွယ်ခြင်း (PSEAH) စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
