ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲအား တရားစွဲဆို
(နိုင်ငံတကာ) ဧပြီ ၂၅
ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့အား ပူးတွဲတရားစွဲဆိုထားကြောင်း သိရသည်။ ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်း ကြောင့် စားသုံးသူများကို ထိခိုက်နစ်နာစေကြောင်းလည်း ၎င်းပြည်နယ်များက ပြောကြားသည်။
ပြည်နယ် ၁၂ ခုမှ ညွန့်ပေါင်းအဖွဲ့သည် အမေရိကန်နိုင်ငံတကာကုန်သွယ်မှုတရားရုံး၌ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရားစွဲဆိုခဲ့ကြောင်း နယူးယောက်ပြည်နယ်မှ တာဝန်ရှိသူများက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့အနေဖြင့် အခွန်စည်းကြပ်မှုကို ရပ်တန့်ရန် တရားရုံးမှချမှတ်သည့်အမိန့်ကို ၎င်းပြည်နယ် များက တောင်းခံလျက် ရှိသည်။
အမေရိကန်နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာအရပ်ရပ်ကို သမ္မတအား အပြည့်အဝပေးထားခြင်းမရှိဘဲ ကွန်ဂရက် လွှတ်တော်ကိုသာ ဆောင်ရွက်ခွင့်ပေးထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်ဟု ပြည်နယ်များ ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
သမ္မတထရမ့်၏ မဆင်မခြင်အခွန်ကောက်ခံမှုများသည် စားသုံးသူများ အတွက် ကုန်ကျစရိတ်များ တစ်ဟုန်ထိုး တက်လာပြီး နိုင်ငံတစ်ဝန်းစီးပွားရေးမငြိမ်မသက်မှုများကို ဖြစ်ပေါ်စေကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူ က ပြောကြားခဲ့ပါသည်။
ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့အား တရားစွဲဆိုထားသည့် ပြည်နယ်များမှာ နယူးယောက်၊ အော်ရီဂွန်၊ အရီဇိုးနား၊ ကိုလိုရာဒို၊ ကွန်နက်တီကတ်၊ ဒယ်လာဝဲ၊ မိန်း၊ အီလီ နောဝစ်၊ မင်နီဆိုတာ၊ နီဗာဒါ၊ နယူးမက္ကဆီကိုနှင့် ဗားမောတ် တို့ ဖြစ်ကြောင်း သိရသည်။
အလားတူကယ်လီဖိုးနီးယားပြည်နယ်သည် အခွန်စည်းကြပ်မှုများကို ရပ်တန့်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗဟို တရားရုံး၌ ထရမ့်အစိုးရအား တရားစွဲဆိုခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။
