ဂျပန်ကအဆင့်မြှင့်တင်ထားသည့် လျှပ်စစ်သံလိုက်လှိင်းသုံး Rail Gun ကို ထုတ်ဖော်ပြသ
*******
(နိုင်ငံတကာ) ဧပြီ ၂၅
ဂျပန်နိုင်ငံက အသံနှုန်းလွန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် ထုတ်လုပ်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေယာဉ်တစ်စင်းပေါ် တင်ဆောင်ထားသည့် Rail Gun ၏ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လေ့လသူများက ဂျပန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးအတွက် အဆင့်မြင့်လက်နက် စနစ်ကို အသုံးပြုနိုင်သော ရေတပ်များအနက် တစ်ခုဖြစ်လာပြီဖြစ်ကြောင်း ပြောကြားထားသည်။
ယခုထုတ်ဖော်ပြသသော Rail Gun သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ်ပစ်ခတ်မှု လုပ်ဆောင်စဉ် မြင်တွေ့ခဲ့ရသော ရှေ့ပြေးပုံစံထက်များစွာသော ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုများ လုပ်ထား သည်ကို တွေ့ရှိရကြောင်း လေ့လာသူများက ဆက်လက်ပြောကြားသည်။
သမားရိုးကျအမြောက်စနစ်များနှင့် နှိုင်းယှဉ်ပါက Rail Gun အတွက်အသုံးပြုသည့် ကျည်များသည် သေးငယ်ပြီးအသံနှုန်းလွန် ဒုံးကျည်များနှင့် အပြိုင်လိုက်ပါနိုင်သော အမြန်နှုန်းရှိကာ ဒုံးကျည်များထက် ကုန်ကျ စရိတ်နည်းပါး၍ လျှပ်စစ်သံလိုက်စက်ကွင်း များကို အသုံးပြုပစ်ခတ်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံက ယခုကဲ့သို့ အဆင့်မြင့်မားသည့် Rail Gun ကို တီထွင် ဖန်တီး အသုံးပြုလာမည်ဆိုပါက ဂျပန်နိုင်ငံသည် တိုက်စစ်မဟာဗျူဟာ လမ်းကြောင်းနောက်သို့ လိုက်နေသည်ဟု ဆိုနိုင်သောကြောင့် အခြားနိုင်ငံများအတွက် အန္တရာယ်ရှိနိုင်ကြောင်း လေ့လာသူတစ်ဦးက ပြောသည်ဟု SCMP သတင်းဌာန ဖော်ပြချက်အရ သိရသည်။
