#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ သဘာဝကပ်ဘေး အရေးပေါ်သတိပေးစနစ် ထိုင်းအစိုးရ စမ်းသပ်မည်
ဆဲလ်ဖုန်းအခြေခံ သဘာဝကပ်ဘေးအရေးပေါ် သတိပေးစနစ် တစ်ရပ်ကို စမ်းသပ်ရန် ထိုင်းနိုင်ငံကစီစဉ်ထားကြောင်း ဧပြီ ၂၃ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ပြီးခဲ့သည့်လအတွင်း အိမ်နီးချင်းမြန်မာနိုင်ငံ၌ အင်အားပြင်းထန် သော မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သဘာဝကပ်ဘေးအရေးပေါ်သတိပေးချက် ထုတ်လွှင့်ပေးနိုင်မှုမရှိသည့်အတွက် အများပြည်သူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဆဲလ်ဖုန်းများမှတစ်ဆင့် သဘာဝကပ်ဘေး အရေးပေါ်သတိပေးစနစ်ကိုစမ်းသပ် ရန် ထိုင်းနိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။
ဆဲလ်ဖုန်းသတိပေးချက်ထုတ်လွှင့်မှုစနစ် (စီဘီအက်စ်) အမည်ရှိအဆိုပါ သဘာဝကပ်ဘေး အရေးပေါ် သတိပေးချက်ထုတ်လွှင့်မှုစနစ်ကို လာမည့်လအတွင်း သီးခြားနေရာများ သတ်မှတ်၍ စမ်းသပ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရကပ်ဘေးကာကွယ်ရေးနှင့် လျှော့ချရေးဌာနတာဝန်ရှိသူများက ပြောကြားထားသည်။
သဘာဝကပ်ဘေးအရေးပေါ် သတိပေးချက်များကို ထုတ်ပြန်ရာတွင် စီဘီအက်စ်စနစ်အနေဖြင့် မိုဘိုင်းလ်ဖုန်းကွန်ရက် သုံးခုကို အသုံးပြုမည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများ၏ အဆိုအရသိရသည်။
မြေငလျင်လှုပ်ခတ်ခဲ့ပါက စီဘီအက်စ်စနစ်ဖြင့် ၁ဝ မိနစ်အတွင်း အရေးပေါ်သတိပေးချက်များ ထုတ်လွှင့်နိုင်ရန် ထိုင်းတာဝန်ရှိသူများက ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ မြန်မာပြည်တွင်း၌ လူပေါင်း ၃၇ဝဝ ကျော်သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံတွင်လည်း ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံ ပြိုကျမှုကြောင့် အနည်းဆုံး ၅၃ဦး သေဆုံးခဲ့ရသည်။
ရိုက်တာ
