6 ရက် - ဘာသာပြန်ပါ။

လူကောင်းတွေက ပင်ပန်းရပါတယ် ။ သူများကို ထိခိုက်မိမှာစိုးလို့ စကားကို ရွေးချယ်ထိန်းသိမ်းပြီး ပြောတတ်သူတွေက စည်းလွှတ်ဘောင်လွှတ် ပြောတတ်သူနဲ့ကျ စိတ်မကောင်းဖြစ်ရတယ် ။

ဖြည့်တွေးပြီး ခွင့်လွှတ်တတ်သူက ကိုယ့်အပြစ်ဆို အကြီးကြီးလုပ်ပစ်သူနဲ့ ဆုံရတော့ ဝမ်းနည်းရပြန်တယ် ။ ကူညီလိုက်လို့ ကိုယ်တိုင် ကြပ်တည်းခဲ့ရပေမဲ့လည်း စေတနာကို ကျေးဇူးကန်းပြန်တော့ နာကျင်ရတာပေါ့ ။ ဒီလိုနဲ့ပဲ ကိုယ်ချင်းစာတတ်တဲ့စိတ်က မတန်သူတွေနဲ့ တွေ့တဲ့အခါ
စိတ်ထိခိုက်စရာတွေ ဖြစ်ကုန်ရောပဲ ။

ဒါကြောင့်မို့ သူတို့နဲ့ တန်တဲ့အတိုင်း မှန်တစ်ချပ်လို့
နေတော့မယ် ။ အသွားပြန်ရှိမှ စေတနာထားမယ်ဆိုတဲ့ စိတ်မျိုး မွေးတော့မယ်လို့ ဆုံးဖြတ်ပြန်တော့လည်း
မဟုတ်သေးဘူး အဲ့တာက ကိုယ်ပုံစံ မဟုတ်ပြန်ဘူး ။

ဒါကြောင့် မပေးနိုင်ရင် အစတည်းက မပေးပဲ ပေးပြီးရင်
မမျှော်လင့်တဲ့ စိတ်နဲ့သာ နေဖြစ်တော့တယ် ။ ကိုယ် ပေးနိုင်တဲ့ မေတ္တာနဲ့ပဲ နွေးအောင်နေဖို့ ရွေးချယ်မိတယ် ။ တစ်ခါတလေတော့လည်း ထိခိုက်ရတာပေါ့ ။

ကိုယ်ကကောင်းပေးရသလောက် ကိုယ့်အပေါ် လုပ်ရက်ကြလည်း စေတနာက မပျက်သုန်းပါဘူး ။ တစ်နေ့ကျရင်တော့ သူတို့လည်း ကိုယ့်အပေါ် ဆက်ဆံခဲ့တဲ့ ပုံစံတွေ ပြန်မှတ်မိလာမှာပါ ။ မေတ္တာက အလွယ်မရဘူးဆိုတာ သိလာတဲ့အခါမှာပေါ့ ။ အမြဲတမ်း စစ်မှန်ခဲ့တဲ့ကိုယ်က နှစ်ခြိုက်စွာအိပ်စက်နိုင်တဲ့အခါ ၊ သူကတော့ သူကိုယ့်အပေါ် ဆက်ဆံခဲ့တဲ့ ပုံစံတွေ မှတ်မိပြီး သူ့ညတွေမှာ ကောင်းကောင်းအိပ်နိုင်ပါ့မလားပဲ စိတ်မကောင်းစွာ တွေးမိပါတယ် ။

ကိုယ်တိုင်လည်း တစ်နေ့ကျရင်တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ပုံစံတွေကို ပြန်သုံးသပ်မိလာမယ်ထင်တယ် ။ အဲချိန်ကျရင်တော့ နောင်တရစရာမရှိတဲ့ ရှင်သန်နည်းနဲ့ နေထိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိနေမှာပါ ။ ဒါကြောင့်မို့ နာကျင်နေလည်း စိတ်ကောင်းထားဖို့သာ ရွေးချယ်ပါတယ် ။ ပုထုဇဉ်ရယ်မို့ ဒေါသထွက်တတ်ပေမဲ့လည်း ပြန်မယုတ်မာဖို့သာ သတိကပ်တယ် ။ အရာရာ လွန်မြောက်တဲ့အခါ ၊ ရေစက်ဖြစ်ဖြစ် ဝဋ်ကြွေးဖြစ်ဖြစ် ကုန်သွားလို့ ဝေးသွားတဲ့အခါ ကိုယ်ကတော့ ကိုယ့်ဘဝထဲ လိပ်ပြာလုံစွာ ရှေ့ဆက်သွားမှာပါ ။

အခုချိန်မှာတော့ လူတွေကြောင့် စိတ်ပင်ပန်းရတိုင်း
ကိုယ်က လူကောင်းတစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့တာကိုးဆိုတဲ့ စိတ်နဲ့ပဲ ဖြေသိမ့်ရပါတယ် ။

image