7 d - Translate

(၃) ချီခေါင်ပွဲ (UFC 234 ပြိုင်ပွဲ)
UFC အဖွဲ့အစည်းမှာ ချန်ပီယံလုပွဲ ဒါမှမဟုတ် ခေါင်ပွဲဆိုရင် (၅) ချီကစားခိုင်းတာ အားလုံးသိကြမယ်ထင်ပါတယ်။ အခုနောက်ပိုင်းမှာ ပရိသတ်အကြိုက် တွဲဆိုင်းဆိုရင် ချန်ပီယံလုပွဲ ဒါမှမဟုတ် ခေါင်ပွဲမဟုတ်လည်း (၅) ချီကစားခိုင်းပါတယ်။ ဒါပေမယ့် ခေါင်ပွဲဆိုပေမယ့် (၃) ချီပဲ ကစားခဲ့ရတဲ့ တွဲဆိုင်းကို အမှတ်တရပြန်ပြောချင်တယ်။
လွန်ခဲ့တဲ့ (၆) နှစ်လောက်တုန်းက အဖြစ်အပျက်မို့ ကြာတော့လည်း ကြာခဲ့ပါပြီလေ။ UFC 234 ပြိုင်ပွဲကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပခဲ့တာပါ။ ဩစတြေးလျနိုင်ငံမှာ ကျင်းပမှာမို့ အိမ်ရှင်နိုင်ငံသား Robert Whittaker နဲ့ Kelvin Gastelum တို့ကို ခေါင်ပွဲပေးထားတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲဖြစ်လို့ (၅) ချီကစားခိုင်းပါတယ်။ Israel Adesanya နဲ့ Anderson Silva တို့က ဒုတိယခေါင်ပွဲဖြစ်ပါတယ်။
Robert Whittaker နဲ့ Kelvin Gastelum တို့က သတ်မှတ်ဝိတ်ဝင်လို့ ကစားဖို့ပဲ ကျန်တော့တယ်။ ရှေ့ထွက်တွဲဆိုင်းတွေလည်း ပွဲကြမ်းနေကြပါပြီ။ ပွဲထိုးဖို့ နာရီပိုင်းပဲ လိုတော့တယ်။ ည (၉) နာရီလောက်မှာ Robert Whittaker က မနေနိုင်၊ မထိုင်နိုင်ဖြစ်လာတယ်။ အူကျဝေဒနာကြောင့် အူလမ်းကြောင်းပိတ်သွားတယ်တဲ့။ ဆေးရုံအမြန်တင်ပြီး ခွဲစိတ်မှုခံယူရတယ်။ ပွဲမထိုးရဘဲ ဆေးရုံရောက်သွားတာပါပဲ။
ပွဲမတိုင်ခင် အရင်ရက်တွေမှာ ကျန်းမာရေးပြဿနာဖြစ်ရင် UFC အဖွဲ့အစည်းက တွဲဆိုင်းတွေကို ကုလားဖန်ထိုးပြီး အမြန်စီစဉ်နိုင်ပါတယ်။ အခုလိုနာရီပိုင်းအလိုမှာ ဖြစ်တာက ဘယ်အဆင်ပြေမလဲ။ Israel Adesanya နဲ့ Anderson Silva တို့ကလည်း ဒုတိယခေါင်ပွဲဆိုတော့ (၃) ချီစာပဲ ပြင်ဆင်ထားတယ်။ ဒုတိယခေါင်ပွဲကို ခေါင်ပွဲပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် နာရီပိုင်းအလိုမှာ (၃) ချီကို (၅) ချီပြောင်းလို့မရပါဘူး။ (၃) ချီစာပြင်ဆင်ထားတာကို (၅) ချီထိုးခိုင်းရင်လည်း ကြည့်ကောင်းမှာ မဟုတ်တော့ဘူး။ မြို့ခံပရိသတ်တွေက Robert Whittaker ကိုကြည့်ချင်လို့ ရုံထဲရောက်လာမှ မကြည့်ရတဲ့အဖြစ်။
UFC 234 ပြိုင်ပွဲမှာ Israel Adesanya နဲ့ Anderson Silva တို့က ခေါင်ပွဲဖြစ်လာပေမယ့် (၃) ချီပဲ ကစားရတယ်။ Anderson Silva က အကောင်းဆုံးအချိန်ကို လွန်ခဲ့ပါပြီ။ တက်လူလေး Israel Adesanya က လှလှပပကစားပြီး အမှတ်ပြတ်နိုင်သွားတယ်။ ခေါင်ပွဲဆိုပေမယ့် (၃) ချီထိုးရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးလို့ အမှတ်တရတင်ပေးလိုက်ပါတယ်။

image