မော်လမြိုင် မုန့်ဟင်းခါး ပြုလုပ်နည်း......။
မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်........။
မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ............
၁။ မုန့်ဟင်းခါးဖတ် – ၄၀ ကျပ်သား
၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)
၃။ ငပျောအူ – ၁ ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင် ဆနွင်း (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။
၄။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀ လုံး (အခွံခွာထားပေးပါ)
၆။ နံနံပင်၊ ပူစီနံ – ၁ စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ ခွက် (ကြက်သွန်ဖြူ ၆ မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)
ဆီသပ်ရန် ပါဝင်ပစ္စည်းများ..........
၁။ ကြက်သွန်နီ – ၂၀ ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၀ ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ ကျပ်သား (ထောင်းထားပါ)
၄။ စပါးလင် – ၁ ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – စားပွဲတင်ဇွန်း ၅ ဇွန်း
၆။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ရ။ ငရုတ်သီး (အရောင်တင်) မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ပြင်ဆင်နည်း..........
၁။ ဒယ်အိုးထဲ စပါးလင်(၂ပင်) ကို ထုချည်ပြီ ခင်းပေးပါ။ ပြီးမှ ငါးခူ၊ ထန်းညက်အညို (၃ခဲ)၊ ငံပြာရည် (လက်ဖက်ရည်ပန်းကန်လုံး တဝက်)၊ ဆနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ)၊ ရေ (ငါးမြုပ်ရုံ) ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။
မှတ်ချက် ။ ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူအရိုးများကို စပါးလင် (ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီးမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီး ဖယ်ထားပေးပါ။
ငါးဆီသပ် ချက်ပြုတ်နည်း........
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီးနောက် ငါးအသားများထည့်၊ ဆား (လက်ဖက်ရည်ဇွန်း တဝက်) ထည့်မွှေလိုက်ပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်........။
၄။ ငါးဆီသပ်ပြီးလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား) တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး (၃လီတာ)ကို ထည့်ပါ။
ရ။ ပြီးလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီ ရောမွှေပေးပါ။
၈။ ပြန်ဆူအောင် တည်ထားပြီးမှ အပေါ့အငံ့အတွက် ကြက်သားမှုန့် (စားပွဲတင်ဇွန်း ၃ ဇွန်း)၊ ငံပြာရည် (၁ခွက်)၊ ဆား (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ထည့်ပေးပါ။
၉။ ဆန်လှော်မှုန့် ပွလာမှ ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၁၀။ ကြက်သွန်နီများ နူသွားပြီး အရသာအနေတော်လျှင် ရပါပြီ။
၁၁။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူစီနံ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ ငါးဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ တည့်ခင်းသုံးဆောင်နိုင်ပါပြီး.....။

image