အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
**********************
(နိုင်ငံတကာ) ဧပြီ ၂၃


အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလ ၂၂ ရက် တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့်ငလျင်လှုပ်ခတ်မှုတို့ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အရှေ့ဂျာဗားပြည်နယ်၌တည်ရှိသော ဆီမီရူ မီးတောင် သည် တစ်ရက်တည်းမှာပင် လေးကြိမ်ပေါက်ကွဲမှုဖြစ်ပွားကြောင်း မီးတောင်နှင့်ဘူမိအန္တရာယ်လျှော့ချရေးဌာနက ထုတ်ပြန်သည်။

ထိုမီးတောင်သည် နံနက် ၅ နာရီမှ မွန်းလွဲ ၁၂ နာရီကျော်အထိ လေးကြိမ်တိုင် ပေါက်ကွဲခြင်းဖြစ်ပြီး ထိုလေးကြိမ်စလုံးတွင် မီးတောင်မှပြာများကို အမြင့်မီတာ ၈၀၀ အထိမှုတ်ထုတ်ကြောင်း တွေ့ရှိရသည်။

အလားတူ မြောက်ဆူလာဝေဆီပြည်နယ်၌ ကမ်းလွန်ဒေသကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၆ ရစ်(ခ်)တာ စကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ်တွင် ကီပူလန်းတာလော့ဒေသမှ အရှေ့တောင်ဘက် ၆၇ ကီလိုမီတာ အကွာရှိ ပင်လယ်ကြမ်းပြင်အောက် ၁၀၇ ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သို့သော် ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်သည့်အခြေအနေမရှိကြောင်း တာဝန်ရှိသူများက အသိပေး ထားသည်။

ပစိဖိတ်မီးကွင်းဒေသတွင်ပါဝင်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် လှုပ်ရှားမှုရှိသော ကျောက်လွှာများ ကြောင့် ငလျင်လှုပ်ခတ်မှုနှင့်မီးတောင်ပေါက်ကွဲမှုတို့ကို မကြာခဏ ရင်ဆိုင်နေရလေ့ရှိသည့်ဒေသတစ်ခု ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

image