ညောင်ဦးလှေဆိပ်မှာ ကလေး လေးယောက် ရေဆင်းချိုးရင်း ရေနစ်သေဆုံး
ဧပြီ ၂၃ - ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ ရုံးညောင်ပင်စက် လှေဆိပ်မှာ ဒီကနေ့ ဧပြီ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် ဝန်းကျင်က ကလေး လေးယောက် ရေဆင်းချိုးရင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ညောင်ဦးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်အနီး ဧရာ၀တီမြစ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ယောင်္ကျားလေး လေးယောက် ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကလေးတွေ ရေဆင်းချိုးရာကနေ ပထမတယောက် ရေနစ်တော့ နောက်သုံးယောက်က လိုက်ဆယ်ရာကနေ အားလုံး နစ်သွားတာပါ။ ပထမတယောက်ကတော့ ရေငုပ်ပြီးတော့ ရှာရတယ်။ နောက် သုံးယောက်ကကျတော့ ငါးဖမ်းပိုက်နဲ့ ဆွဲပြီးရှာတော့ တွေ့တယ်။ လက်ရှိမှာတော့ သေဆုံးသူတွေကို ညောင်ဦးဆေးရုံ၊ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်တွေကို မီးသတ် အထောက်အကူပြု ယာဉ်တစီး၊ Asault Boat တစင်း၊ လူမှုကူညီရေးယာဉ်တစီးနဲ့ မီးသတ်တပ်ဖွဲ့တွေ ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တာမှာ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ တယောက်၊ ၁ နာရီ ၂၄ မိနစ်ဝန်းကျင်မှာ တယောက် သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ပျောက်ဆုံးသူ နှစ်ယောက်ကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ခဲ့တာမှာ နေ့လယ် ၂ နာရီကျော်ဝန်းကျင်မှာတော့ သေဆုံး ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ပြည်မြို့၊ ကမ်းနားလမ်းပန်းခြံအနီး၊ ဧရာဝတီမြစ်အတွင်း ကလေး သုံးယောက် ရေဆင်းချိုးရာမှ ရေနစ်ပြီး နှစ်ယောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ကလည်း ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း အမျိုးသား ငါးယောက် ရေဆင်းကူးခဲ့ရာမှ လေးယောက် ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေဟာ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေ ဖြစ်တယ်လို့ သိရပါတယ်။


