#နိုင်ငံတကာသတင်း
◼ အခွန်များနှင့်ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်ကြောင်းရှီကျင့်ဖျင်ပြော
အခွန်အကောက်များနှင့်ကုန်သွယ်ရေးစစ်ပွဲများက နိုင်ငံအားလုံး၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေကြောင်း ၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထိခိုက်ကြောင်း နှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပျက်ပြားစေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ပေကျင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသော အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ် နှင့် တွေ့ဆုံချိန်တွင် ရှီက ယင်းကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်ကာ နိုင်ငံတကာစနစ်ကို ကာကွယ်စောင့်ရှောက်ရန် တရုတ်က အဇာဘိုင်ဂျန်နှင့် တွဲဖက်လုပ်ကိုင်ရန် စိတ်အားထက်သန်ကြောင်းလည်း ရှီကပြောသည်။
ထို့ပြင် ထဲထဲဝင်ဝင်ရှိသော ဥပဒေစည်းကြပ်မှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဇာဘိုင်ဂျန်ဘက်နှင့် လုပ်ဆောင်သွားလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ ကုလသမဂ္ဂကို ဗဟိုပြုပြီးနိုင်ငံတကာစနစ်ကို ထိန်းသိမ်းစောင့်ရှောက်သွားဖို့နဲ့ နိုင်ငံတကာမျှတမှု ၊ တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်နိုင်ငံက အဇာဘိုင်ဂျန်နဲ့ အတူလုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်။” ဟု၎င်းကပြောကြားကြောင်း ဆင်ဟွာသတင်းကဖော်ပြသည်။
တရုတ်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံကြား ကျယ်ပြန့်သောမဟာဗျူဟာမြောက် မိတ်ဖက်ဖွဲ့မှု ထူထောင်လိုက်ကြောင်းကိုလည်း ခေါင်းဆောင်နှစ်ဦးက ကြေညာခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း(BRI) အရ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု ၂၀ ကျော်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းတွင် ‌ဥပဒေရေးရာ၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး ၊ မူပိုင်ခွင့် နှင့် အာကာသကဏ္ဍများ ပါဝင်ကြောင်း သိရသည်။
အီရန် ၊ ရုရှား၊ ဂျော်ဂျီယာ၊ အာမေးနီးယား နိုင်ငံတို့နှင့် ထိစပ်နေသော အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းကို ပထမဦးဆုံးထောက်ခံခဲ့သော နိုင်ငံများတွင် ပါဝင်ကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး နှင့် စီးပွားရေးဩဇာပါဝါကို ဖြန့်ကြက်ရေးနည်းလမ်းတစ်သွယ်အဖြစ် ရှီကျင့်ဖျင်က ခါးပတ်လမ်း (BRI) စီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image